အမေရိကန်ရဲ့ Patriot လေကြောင်းကာကွယ်ရေးစနစ် ယူကရိန်းကို ရောက်ရှိ

ဧပြီ၊ ၂၀

အမေရိကန်လုပ် နာမည်ကျော် Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ဟာ ယူကရိန်း နိုင်ငံကို ရောက်ရှိနေပြီလို့ သိရပါတယ်။

 ယူကရိန်းရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက လပေါင်းအတော်ကြာ စောင့်ဆိုင်းခဲ့တဲ့နောက် Patriot ဒုံးခွင်းဒုံး စနစ်ကို လက်ခံရရှိခဲ့ပြီလို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ယူကရိန်းအတွက် မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်နိုင်တဲ့ Patriot ဒုံးခွင်းဒုံး စနစ်ကို ပို့ဆောင်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

 Patriot စနစ်ဟာ ရုရှားရဲ့ ဒုံးကျည်တွေ၊ လေယာဉ်တွေ၊ ပဲ့ထိန်းဒုံးတွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို ထိထိရောက်ရောက် ဟန့်တား ကာကွယ်နိုင်မယ့် ကာကွယ်ရေး နည်းပညာတခု ဖြစ်ပါတယ်။

 အခုအခါမှာတော့ ယူကရိန်းရဲ့ လှပတဲ့ မိုးကောင်းကင်ဟာ ပိုပြီး ဘေးကင်း လုံခြုံလာတော့မယ်လို့ Patriotစနစ် ရရှိတဲ့ သတင်းကို အတည်ပြုရင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်စီ ရက်ဇ်နီကော့ဗ်က Twitterမှာ ရေးသားထားခဲ့ပါတယ်။

 ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ ရုရှားအတွက် တင့်ကားတွေ၊ လက်နက်ကြီးတွေ၊ သံချပ်ကာယာဉ်တွေနဲ့ တိုက်လေယာဉ် တချို့ကို ထောက်ပံ့ ပေးပို့ခဲ့ပြီး အခုတော့ Patriot ဒုံးခွင်းဒုံး စနစ်တခုပါ ရောက်ရှိလာပါပြီ။ ယူကရိန်းဟာ ရုရှားကို တန်ပြန် ထိုးစစ်တခု ဆင်နွှဲလိမ့်မယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေချိန်မှာ အနောက်နိုင်ငံတွေရဲ့ စစ်ရေး အကူအညီတွေကို မြှင့်တင်နေတာ ဖြစ်ပါတယ်။

 ရက်ဇ်နီကော့ဗ်က ယူကရိန်းအတွက် Patriot စနစ် ရရှိအောင် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့တဲ့ အမေရိကန်၊ ဂျာမနီနဲ့ နယ်သာလန် နိုင်ငံတွေကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီစနစ် ယူကရိန်းကို ဘယ်လမ်းကြောင်းကနေ ဘယ်အချိန်မှာ ရောက်ရှိခဲ့သလဲ ဆိုတာကိုတော့ သူက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

 အမေရိကန်ဟာ Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည် စနစ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်စေဖို့အတွက် ယူကရိန်း စစ်မှုထမ်းတွေကို ကြိုတင် လေ့ကျင့်ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီစနစ်ကို ကိုင်တွယ်ဖို့၊ ထိန်းသိမ်းဖို့ အမှုထမ်း ၉၀ လောက် လိုအပ်ပါတယ်။

 Patriot စနစ်တခုကို ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိနိုင်ပြီး တကြိမ် ပစ်လွှတ်ရင် ဒေါ်လာ ၁၀ သန်းလောက် ကုန်ကျနိုင်သလို ဒုံးကျည်တစင်းရဲ့ ပျမ်းမျှတန်ဖိုးကလည်း ဒေါ်လာ ၄ သန်းလောက်ထိ ကျသင့်နိုင်တယ်လို့ သိရပါတယ်။