ဧပြီ၊ ၂၀
သင်္ကြန်နှစ်သစ်ကူးကာလအပြီးပြန်လည်ဖွင့်လှစ်ခဲ့တဲ့ရန်ကုန်ရွှေဈေးကွက်မှာ လက်ရှိကျပ်သိန်း ၃၀ နီးပါးပေါက် ဈေးရှိနေပြီး အရောင်းအဝယ်ကတော့ အေးနေတယ်လို့ ရွှေဆိုင်ရှင်တွေကပြောပါတယ်။
သင်္ကြန်ကာလ ရုံးပိတ်ရက် ဧပြီလ ၈ ရက်ကနေ၁၇ရက်အထိ ရွှေစျေးနှုန်းထုတ်ပြန်မှုတွေကို ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်အသင်း(YGEA)ကခေတ္တရပ်နားခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နဲ့ ၁၉ရက်တို့က စျေးပြန်လည် ဖွင့်လှစ် ရာမှာ အကယ်ဒမီ မီးလင်းရွှေတကျပ်သား (၂၃,၅၆၂၀၀) ကျပ်သတ်မှတ်ထားပါတယ်။
ပြင်ပရွှေဈေးကွက်မှာတော့ အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို (၂၉,၇၀၀၀၀) ကျပ် ပေါက်ဈေးရှိနေပြီးကမ္ဘာ့ ရွှေစျေးအနေနဲ့ တအောင်စကို ၁၉၉၄ ဒေါ်လာ စျေးရှိနေတယ်လို့သိရပါတယ်။
ရွှေစျေးတွေဟာပြီးခဲ့တဲ့ဧပြီလ ပထမအပတ်မှာ ရည်ညွှန်စျေး ၂၃သိန်းအထက်နဲ့ပြင်ပပေါက်စျေး သိန်း ၃၀ နီးပါး မှာရှိခဲ့ရာက အခုသင်္ကြန်ကာလအပြီးမှာလည်းစျေးထပ်မံကျဆင်းတာမရှိတဲ့အတွက် အရောင်းအဝယ် အေးနေ ဆဲဖြစ်တယ်လို့ ဗိုလ်တထောင်မြို့နယ်ကရွှေဆိုင်ရှင်တဦးကပြောပါတယ်။
“လုပ်ငန်းရှင်အသင်းကတော့ ၂၃သိန်း ဝန်းကျင်သတ်မှတ်တယ်၊အဲဒီစျေးနဲ့က အပြင်မှာအရောင်းအဝယ် လုပ်မ ရဘူး၊အဓိကဒေါ်လာငွေလှဲလယ်နှုန်းကိုကြည့်ပြီးလုပ်နေရတာ၊အဲဒီတော့ရွှေစျေးတွေအခုထိစျေးမကျသေးဘူး၊ သင်္ကြန်အတွင်းဆိုင်မပိတ်ခင်လေးမှာရောင်းအဝယ်နည်းနည်းတော့ဖြစ်သွားတယ်၊အခုစျေးတွေထပ်မကျတော့ အရောင်းအဝယ်တွေအကုန်အေးနေတယ် ” လို့သူကပြောပါတယ်။
စစ်ကောင်စီရဲ့နိုင်ငံခြားငွေလှဲလယ်နှုန်းဗဟိုဘဏ်သတ်မှတ်ချက်အရ အမေရိကန် တဒါ်လာကို မြန်မာငွေ (၂၀၉၄)ကျပ်ဝန်းကျင်ရှိနေပြီး ပြင်ပမှာတော့ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၂၈၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိနေတယ်လို့ ပြင်ပ နိုင်ငံခြားငွေလှဲလယ်သူတွေဆီကသိရပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်းတွေအရ ပြည်တွင်းရွှေစျေးနှုန်း လတ်တလောပြန်လည်ကျဆင်းမယ့် အလားလာ မရှိသေးဘဲ အမြင့်စျေးမှာပဲ ရပ်တန့်နေနိုင်တယ်လို့ ရွှေလုပ်ငန်းရှင်တွေကသုံးသပ်ကြပါတယ်။
“အခုရွှေစျေးအနေအထားနဲ့ဆိုရင်တော့စျေးပြန်ကျဖို့တော့အချိန်ကြာနေမယ်၊အထူးသဖြင့်ကမ္ဘာ့ရွှေစျေး အတက် အကျပေါ်မှာမူတည်နေတာကို၊လတ်တလေအနေအထားအရရွှေစျေးတွေကတော့စျေးအမြင့်ပိုင်းမှာပဲရပ်နေမယ်” လို့ လှိုင်မြို့နယ်ကရွှေဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။
သင်္ကြန်ကာလမတိုင်ခင်အတွင်းရွှေစျေးပြန်လည်ကျဆင်းနိုင်ပြီးအရောင်းပြန်သွက်လာနိုင်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း(YGEA)ကပြီးခဲ့တဲ့ဧပြီလ ဒုတိယအပတ်အတွင်းခန့်မှန်းထားပေမယ့် လက်ရှိမှာတော့ အမြင့် စျေးမှာပဲရပ်တန့်နေတာဖြစ်ပါတယ်။ ရွှေစျေးနှုန်းတွေကိုရည်ညွှန်းစျေးနှုန်းအရရောင်းချဖို့နဲ့ပြင်ပပေါက်စျေးတွေထပ်မံမြင့်တက်မလာဖို့ရွှေလုပ်ငန်းရှင်တွေကိုအသိပေးနေကာစျေးနှုန်းထိန်းညှိတာတွေလုပ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း(YGEA) တာဝန်ရှိသူတဦးကပြောပါတယ်။
“ရွှေစျေးတွေထပ်မတက်အောင်တော့လုပ်ငန်းရှင်တွေကိုအသိပေးထားပါတယ်၊ရည်ညွှန်းစျေးနဲ့အညီရောင်းဖို့ပေါ့၊ပြင်ပမှာကစျေးတွေအရမ်းတက်နေတာဆိုတော့အဲဒါကိုထပ်မတက်ဖို့ညှိနေတယ်” လို့သူကပြောပါတယ်။