ရိုဟင်ဂျာအရေး ကြားနာစစ်ဆေးမှု ဆိုင်းငံ့ပေးဖို့ စစ်ကောင်စီ တောင်းဆိုမှု ICJ ပယ်ချ

ဧပြီ၊ ၁၉

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း စွပ်စွဲချက်တွေအတွက် ကြားနာ စစ်ဆေးမှုကို ဆိုင်းငံ့ပေးထားဖို့ အာဏာသိမ်း စစ်တပ်ရဲ့ တောင်းဆိုမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ပယ်ချလိုက်ပါတယ်။

ကမ္ဘာ့ခုံရုံးလို့လည်း ခေါ်ဝေါ်လေ့ရှိတဲ့ ICJက ၂၀၂၀ ခုနှစ်မှာ တရားစွဲဆို ခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အချိန်ပိုရဖို့ စစ်ကောင်စီဖက်က ချဉ်းကပ် တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်လို့ Fortify Rightsက ဖော်ပြပါတယ်။ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ ICJရဲ့ အခု ဆုံးဖြတ်ချက်ဟာ အဲဒီအမှုနဲ့ ပတ်သက်လို့ ဆက်တိုက် အရေးနိမ့် အထိနာနေတဲ့ စစ်ကောင်စီအတွက် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်တယ်လို့ Fortify Rightsရဲ့ အမှုဆောင်ချုပ် မက်သရူး စမစ်သ်က ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေအပေါ် စနစ်တကျ ဖိနှိပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကပဲ အဲဒီ တရားစီရင် စစ်ဆေးမှုကို ဆိုင်းငံ့ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ICJက ပယ်ချလိုက်တာလို့ သူက ဆိုပါတယ်။

ဂမ်ဘီယာ အစိုးရက ဦးဆောင်ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၃ ရက်မှာ မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း စာမျက်နှာ ၅၀၀ ကျော် ပါရှိတဲ့ စွဲချက်ကို ICJမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ICJက အခုနှစ်၊ ဧပြီ ၂၄ ရက်မှာ စစ်ကောင်စီ အနေနဲ့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေအပေါ် တရားဝင် တုံ့ပြန် အဆိုပြုဖို့ ရက်ချိန်းပေးထားခဲ့ပါတယ်။ မတ်လ ၁၄ ရက်မှာတော့ စစ်ကောင်စီက အဲဒီရက်ချိန်းကို ၁၀ လနောက်ဆုတ်ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလထိ ဆိုင်းငံ့ပေးဖို့ ICJဆီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

 အခုအခါမှ တရားဝင် သတင်းထုတ်ပြန်မှုအရ ICJဟာ ဧပြီ ၆ ရက်မှာ မြန်မာ စစ်ကောင်စီရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ဖြစ်တယ်လို့ သိရှိလာရပါတယ်။ စစ်ကောင်စီက အချိန်ဆိုင်းငံ့ပေးရေး တောင်းဆိုရာမှာ ၂၀၂၁ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ရုတ်တရက် အစိုးရ အပြောင်းအလဲ ဖြစ်သွားတာကိုပါ အကြောင်းပြချက် တခုအနေနဲ့ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။ အဲဒီ အစိုးရ အပြောင်းအလဲ ဆိုတာကလည်း မြန်မာ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်က ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးနဲ့ ဖယ်ရှား ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း ဂမ်ဘီယာက မြန်မာအနေနဲ့ တုံ့ပြန် အဆိုပြု လျှောက်လဲချက်တွေ တင်သွင်းဖို့ ၂၉ လလောက် အချိန်ရထားခဲ့ပြီး ဖြစ်တယ်လို့ ဝေဖန် ထောက်ပြထားကြောင်း သိရပါတယ်။

Photo: UNICEF