ဧပြီ၊ ၁၉
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနှစ်ရာကျော်သေဆုံးထိခိုက်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာထဲကို ဒီကနေ့ မနက်အစောပိုင်းကစလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ အရင်ကတည်းက ရွာထဲမနေဘဲ တိမ်းရှောင်နေကြရတဲ့ ပဇီကြီးရွာခံတွေနဲ့ အနီးဝန်းကျင်ဒေသခံတွေ ထပ်ပြီးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ကန့်ဘလူမြို့နယ်ရဲ့အရှေ့ဘက် ဧရာဝတီမြစ်တဖက်ကမ်း သပိတ်ကျင်းမြို့နယ်အခြေစိုက် လေ့ကျင့်ရေးသင်တန်းကျောင်းက အင်အားနှစ်ရာလောက်ဟာ မနေ့ကညပိုင်းမှာ ကန့်ဘလူ မလယ်ရွာဘက် ကမ်းကူးလာပြီး ဒီကနေ့မနက်ပိုင်းမှာ စစ်ကြောင်းနှစ်ခုခွဲ စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းနှစ်ခုထဲက တခုဟာ လက်ရှိမှာ ပဇီကြီးရွာထဲရောက်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ အခုလောလောဆယ်ဆယ်တော့ ပဇီကြီးကျေးရွာ ထဲကို စစ်ကြောင်းတကြောင်းက ဝင်နေပြီဗျ၊ တကြောင်းကတော့ လိုက်နေတုန်း၊ ပျောက်နေတယ်ဗျ၊ သူတို့တွေကတော့ ကျွန်တော်တို့အခေါ်ကျတော့ လေ့ကျင့်ရေးတပ် (၁၃)ဘက်က လာတယ်လို့ သိရတယ် ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် လေကြောင်းတိုက်ခိုက်မှုဖြစ်ကတည်းက ပဇီကြီးရွာတဝိုက်မှာ စစ်ရှောင်နေရသူတွေအပါအဝင် ဘေးပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူတွေလည်း ဘေးလွတ်ရာကို ထပ်မံထွက် ပြေးတိမ်းရှောင်နေရတယ်လို့ ပဇီကြီးကျေးရွာဒေသခံတဦးက ပြောပါတယ်။
“ သူတို့စစ်ကြောင်းက ရွာထိပ်နားတောင်ရောက်နေပြီဟာကွာ၊ နောက်ပြီး သပိတ်ကျင်းဘက်မှာလည်း သူတို့ (စစ်ကောင်စီတပ်)တွေ လက်နက်ကြီး ဆင်ထားတယ်လေ၊ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း၊ မလယ်ရွာရဲ့ အရှေ့ဘက်ကမ်း၊ အဲဒီ စပ္ပါယ်နဂိုရွာရဲ့ ဘောလုံးကွင်းထဲမှာ လက်နက်ကြီးတွေ ဆင်ထားတယ်၊ အဲဒီကနေ လှမ်းပစ်ရင် ပဇီကြီးရွာထိ ရောက်တယ်။ ဒါကတော့ သူတို့ (စစ်တပ်)က ပြောထားတဲ့အတိုင်း အမြစ်ဖြတ်ချေမှုန်းရေး လာလုပ်တယ်ပေါ့နော်၊ ဒါကြောင့် စစ်ဘေးရှောင်တွေ၊ ဒေသခံတွေ ဘေးလွတ်ရာကို ထပ်ပြီး ပြေးနေရတယ်ပေါ့ဗျာ ” လို့
ဒေသခံက ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ စစ်ကြောင်းလွတ်ရာနေရာတွေနဲ့ တောတောင် ဥယျာဉ်ခြံမြေထဲကို ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်ဖွဲ့တွေ လေယာဉ်နဲ့ ပစ်ခတ်တိုက်လာမှာနဲ့ လက်နက်ကြီး ပစ်ခတ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အခုလိုစစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာထဲစစ် ကြောင်းထိုးဝင်လာရောက်လာတဲ့အပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်နဲ့ လူအင်အားမျှတမှု မရှိတာကြောင့် ပြန်လည်ခုခံတိုက်ခိုက်ဖို့ မဖြစ်နိုင်သလို နှစ်ဘက်တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေမျိုးတွေလည်း မဖြစ်လာနိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
“ အခြေအနေကတော့ လတ်တလောပေါ့၊ ဘယ်လိုပြောရမလဲ၊ လတ်တလောတော့ မရှိနိုင်သေးဘူး၊ ကျွန်တော်တို့လည်း သူတို့ကို မယှဉ်နိုင်သေးဘူးလေနော်၊ ကျွန်တော်တို့က လောလောဆယ်ဆယ်က ဒေသကာကွယ်ရေးအဖွဲ့တွေပဲ ရှိတယ်၊ တပ်ရင်းတပ်ဖွဲ့တွေလည်း မဟုတ်သေးဘူးဆိုတော့၊ စစ်ရေးနဲ့ပတ်သက်ရင် ဘာမှတော့ လုပ်နိုင်တဲ့အနေအထားက မရှိဘူး။ လူ၊ လက်နက်အင်အားက အစပေါ့နော် ” လို့သူက ပြောပါတယ်။
စစ်ကောင်စီကတော့ ပဇီကြီးကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်မှာ အဲဒီဒေသကို အပြီးသတ်ရှင်းလင်းဖို့ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ကိုးရက်အကြာ ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီက ပဇီကြီးကျေးရွာကို တိုက်ခိုက်ရေးလေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူဦးရေ ရာချီ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြရတာပါ။ ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၆၈ ဦးရှိပြီး အဲ့ဒီအထဲက ၁၅၀ ဟာ အရပ်သားတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။
ဒေသခံတွေကတော့ လူဦးရေ နှစ်ရာဝန်းကျင်အထိသေဆုံး၊ ပျောက်ဆုံးနေတယ်လို့ ဆိုထားတာပါ။ လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးနောက် စစ်ကောင်စီက ဒီကနေ့မှာ ပဇီကြီးရွာထဲကို ပထမဆုံးအကြိမ် စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ပဇီကြီးကျေးရွာနဲ့ အနီးအနားက ကျေးရွာပေါင်း ၇ ရွာကဒေသခံ တသောင်းလောက်ဟာ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီကနေ့ စစ်ကြောင်းထိုးမှုကြောင့် ထပ်မံတိမ်းရှောင်ရသူတွေလည်း ရှိနေတာပါ။
ဓာတ်ပုံ – CJ