တရုတ်၊ မြောက်ကိုရီးယား၊ ရုရှား၊ မြန်မာနဲ့ ပတ်သက်လို့ သဘောထား ကြေညာချက်တွေ G7 ထုတ်ပြန်

ဧပြီ၊ ၁၉

ဂျပန်နိုင်ငံမှာ G7 အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်၊ မြောက်ကိုရီးယား၊ ရုရှား၊ မြန်မာတို့နဲ့ ပတ်သက်တဲ့ ပူးတွဲကြေညာချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ကူရီရာဇာဝါမှာ ဧပြီ ၁၈ ရက်က ကမ္ဘာ့ စီးပွားရေး အင်အားကြီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ G7 နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲအပြီး ပူးတွဲ ကြေညာချက်မှာတော့ ဒေသတွင်းမှာ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာတဲ့ တရုတ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် လေးလေးနက်နက် သတိပေးထားတာ တွေ့ရပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းတဝိုက် ရေပြင်နဲ့ အင်ဒို-ပစိဖိတ် ဒေသကြီး တခုလုံးမှာ စစ်အင်အား ချဲ့ထွင်ဖို့ တစိုက်မတ်မတ် ကြိုးစားနေမှုတွေကို ရပ်တန့်ဖို့လိုကြောင်း၊ တရုတ်ရဲ့ စစ်ရေး ဆောင်ရွက်မှုတွေဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက် ပျက်ပြားစေကြောင်း G7 အဖွဲ့ဝင် ဝန်ကြီးတွေက ပြောပါတယ်။

နောက်ပြီး မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ ဒုံးကျည် စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့လည်း G7 အဖွဲ့က တသဘောတည်း ရှုတ်ချသွားခဲ့ပါတယ်။ နိုင်ငံတကာ ဖိအားပေးမှုတွေကို အရေးမစိုက်ဘဲ မြောက်ကိုရီးယားက ဒုံးကျည်မျိုးစုံကို ပမာဏ အများအပြား စမ်းသပ် ပစ်ခတ်ပြနေခြင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ပိုမို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လိုအပ်နေပြီ ဆိုတာကို ညွှန်ပြနေကြောင်း G7 ဝန်ကြီးတွေက ပြောပါတယ်။

အဲဒီ အစည်းအဝေးအပြီး ကြေညာချက်မှာ အာဏာသိမ်း မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက် ရန်ပြု တိုက်ခိုက်နေတာတွေကို ခြွင်းချက်မရှိ ရှုတ်ချကြောင်းလည်း G7 ဝန်ကြီးတွေက ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့လည်း ထည့်သွင်း တိုက်တွန်းထားတာ တွေ့ရပါတယ်။ 

Group of Sevenကို အတိုကောက် ခေါ်ဝေါ်တဲ့ G-7ဟာ ကမ္ဘာပေါ်မှာ စက်မှုလုပ်ငန်း အဖွံ့ဖြိုးဆုံး နိုင်ငံ ၇ ခု စုဖွဲ့ထားတာ ဖြစ်ပြီး ဂျပန်၊ ဂျာမနီ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပါဝင်ပါတယ်။ ဂျပန်မှာ ကျင်းပတဲ့ အစည်းအဝေးမှာတော့ ဥရောပ သမဂ္ဂကပါ လာရောက်ချိတ်ဆက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

Ref: EPA