ဧပြီ၊ ၁၈
မကွေးတိုင်း၊ သရက်အကျဥ်းထောင်မှာထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေကို ပစ်မှတ်ထားပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေရှိနေတယ်လို့ အဲဒီထောင်အတွင်းကအမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
သရက်ထောင်က လက်ထောက်ကြီးကြပ်ရေးမှူး (၁)ကျော်ဇေယျာစိုးက ဦးဆောင်ပြီး အကျဥ်းသားတွေကို ရိုက်နှက်မှုတွေ ကျူးလွန်နေတာဖြစ်ပြီး သူဟာ ထောင်တွင်းမှာနာမည်ဆိုးနဲ့ကျော်ကြားနေတယ်လို့ ဆိုပါတယ်။
” တုတ်နဲ့ရိုက်တာမျိုး၊ သံခြေကျဥ်းတွေခတ်ပြီး မျက်နှာကို ခြေထောက်နဲ့ ဖြတ်ကန်တာမျိုးတွေအထိ လုပ်နေတာ ” လို့ DNA ရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အဲဒီလို ရိုက်နှက်ခံရလို့ ဒဏ်ရာရရှိသူတွေရှိနေသလို ထောင်တွင်းမှာ လုံလောက်တဲ့ဆေးကုသမှုတွေလည်း မရကြဘူးလို့ ဆိုပါတယ်။
” အကျဥ်းသားက ထောင်တွင်းစည်းကမ်းချိုးဖောက်ရင် သတ်မှတ်ထားတဲ့ စည်းမျဥ်းဥပဒေအတိုင်း အရေးယူရမှာ၊ အခုက ထင်တိုင်းကြဲနေလို့ ထောင်ဝန်ထမ်းအချင်းချင်းတောင် မကျေလည်ကြဘူး ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေကို အခုလိုပစ်မှတ်ထား ရိုက်နှက်နှိပ်စက်မှုတွေ ကျူးလွန်ရာမှာ လက်ထောက်ကြီးကြပ်ရေးမှူး (၁)ဖြစ်တဲ့ ကျော်ဇေယျာစိုးဆိုသူက ဦးဆောင်ပြုလုပ်နေတာဖြစ်ပေမယ့် သူ့အထက်အရာရှိကလည်း အလိုတူ အလိုပါ ခွင့်ပြုထားတာလို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်အာဏာပိုင်အကြီးပိုင်းတွေကလည်း အခုလိုကျူးလွန်နေတာကို သိပေမယ့် မသိကျိုးကျွံ ပြုနေကြတယ်လို့ ထောင်အတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိသရက်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသား ရာချီရှိနေပြီး ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဥ်းသားတွေကို သွေးခွဲအုပ်ချုပ်မှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတရက်မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ သရက်ထောင်က အကျဉ်းသား ငါးဦးလွတ် မြောက်ရာမှာ နိုင်ငံရေးအကျဉ်းသားတဦးမှမပါဝင်ခဲ့ဘဲ စစ်ပြေးနဲ့ ရဲပြေးတွေကိုသာ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းသားအခွင့်အရေးနဲ့ လူ့အခွင့်အ ရေးချိုး ဖောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်နေသလို နိုင်ငံရေးအကျဉ်းသားတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ ထောင် အာဏာပိုင်တွေက ပစ်မှတ်ထားအကြမ်းဖက် ဖိနှိပ်လေ့ရှိတယ်လေ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောထားကြ ပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်လာချိန်အထိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC ကိုလည်း အကျဉ်းထောင်တွေအတွင်း ဝင်ရောက်လေ့လာခွင့်ပြုဖို့ ငြင်းဆန်ထားဆဲဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီက အင်းစိန်ဗဟိုအကျဉ်းထောင်အပါအဝင် အကျဉ်းထောင်တချို့က နိုင်ငံရေးအကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေကိုထောင်ပြောင်းရွှေ့တာတွေလုပ်ခဲ့ပြီး သရက်ထောင်ကိုလည်း နိုင်ငံရေးအကျဉ်းသားတချို့ပြောင်းရွှေ့ခံခဲ့ရပါတယ်။
အဲ့ဒီလိုထောင်ပြောင်းရွှေ့မှုတွေပြုလုပ်ရာမှာ မူလက တောင်ငူထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပဲခူးတိုင်းဝန်ကြီး ချုပ် ဦးဝင်းသိန်းကို သရက်ထောင်ကိုပြောင်းရွှေ့ခဲ့တယ်လို့ သတင်းဖော်ပြတာတွေရှိခဲ့ပါတယ်။
ဓာတ်ပုံ – Google