NLD အစိုးရ ပြန်သိမ်းယူထားတဲ့ နိုင်ငံပိုင်မြေကွက်တွေကို စစ်အုပ်စုကအကွက်ရိုက်ရောင်းဖို့ ပြင် နေ

ဧပြီ၊ ၁၈
 
ပြည်ခိုင်ဖြိုးပါတီအစိုးရက လက်သင့်ရာကို အမည်ပေါက်ဂရန်တွေ ထုတ်ပေးခဲ့ပြီး NLD အစိုးရလက်ထက်မှာ နိုင်ငံပိုင်အဖြစ် ပြန်သိမ်းယူခဲ့တဲ့ မြေကွက်တွေထဲက တချို့ကို စစ်ကောင်စီက အကွက်ရိုက်ရောင်းဖို့ စီစဥ်နေတယ်လို့ မန္တလေးမြို့ခံတွေက DNA ကိုပြောပါတယ်။
 
စစ်အုပ်စုဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၄၇ လမ်း နဲ့ ၄၈ လမ်း ကြား ၁၁၃ လမ်း နဲ့ ၁၁၄ လမ်းကြားက သုံးဧကကျော်ကျယ်ဝန်းတဲ့မြေကွက်ကို အကွက်ဖော်ပြီး ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
 
အဲ့ဒီမြေကွက်တွေအပါအဝင် မြေကွက် ၁၃၀ ကျော်ကို ၂၀၁၆ ခုနှစ်အတွင်း တိုင်းလွှတ်တော်မှာအတည်ပြုခဲ့တဲ့ အဆိုတရပ်အရ မန္တလေးတိုင်းအစိုးရက စိစစ်ပြီး အမည်ပေါက်ဂရန်တွေပယ်ဖျက်ကာ ပြန်လည်သိမ်းယူခဲ့တာပါ။
 
၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပြီးနောက် လပိုင်းအတွင်း အာဏာလွှဲပြောင်းပေးရတော့မယ့်အချိန်မှာ အဲ့ဒီကာလမန္တလေးတိုင်းအစိုးရက မန္တလေးမြို့အတွင်းက တန်ဖိုးကြီး မြေကွက်တွေကို နီးစပ်ရာပုဂ္ဂိုလ်တွေဆီ ကာလတန်ဖိုးထက် အဆများစွာသက်သာတဲ့နှုန်းထားတွေနဲ့ ဂရန်တွေထုတ်ပေးခဲ့ပါတယ်။
 
အဲ့ဒီလို ဂရန်ထုတ်ပေးခဲ့တဲ့ မြေကွက်အမှုတွဲပေါင်း နှစ်ရာကျော်အထိရှိတယ်လို့ မန္တလေးတိုင်းလွှတ်တော်အတွင်း ဆွေးနွေးခဲ့တဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
 
ဒီမြေကွက်ဂရန်ထုတ်ပေးမှုတွေနဲ့ ပတ်သက်လို့ NLD ပါတီမန္တလေးတိုင်းအစိုးရအဖွဲ့က ပြန်လည်စိစစ်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဂရန်ထုတ်ပေးထားတဲ့ မြေကွက် (၁၃၀)ကျော်ကို နိုင်ငံပိုင်အဖြစ်ပြန်လည်သိမ်းဆည်းတာ၊ မူလပိုင်ရှင်တွေဆီ ပြန်ပေးတာတွေ လုပ်ခဲ့ပါတယ်။
 
” အဲဒီတုန်းက မြေကွက်တွေကို သိမ်းဆည်းပြီး သိပ်မကျယ်တဲ့ မြေတွေကို မူလပိုင်ရှင်တွေကို အသနားခံစာတင်ခိုင်းပြီး ပြန်ပေးခဲ့တယ်၊ ဒါပေမယ့် အစိုးရ လုပ်ငန်းဆောင်ရွက်မယ့် ဥပမာ ဆေးရုံတို့ ကျောင်းတို့ ဈေးတို့ ဆောက်မယ်နေရာတွေကျ ပြန်ပေးလိုမရတော့ဘူး၊ အခုသူတို့ ရောင်းမယ်ဆိုတဲ့နေရာကတော့ ပြန်သိမ်းတဲ့ ၁၃၄ ကွက်ထဲမှာတော့ ပါတယ်၊ ဘာအတွက်ချန်ထားတယ်ဆိုတာတော့ မသိဘူးပေါ့ ” လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောပါတယ်။
 
သုံးဧကကျော် အကျယ်အဝန်းရှိတဲ့ အဲဒီမြေကွက်ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ လူပုဂ္ဂိုလ်တဦးဆီ တန်ဖိုးအနည်းငယ်နဲ့ ချထားပေးခဲ့ပေမယ့် သွင်းထားတဲ့ ငွေတန်ဖိုးနဲ့ မြေကွက်တန်ဖိုးမမျှတမှု၊ ပညာရေးနေရာဖြစ်နေမှုတို့ကြောင့် မြေကွက်ရဲ့ လုပ်ပိုင်ခွင့်တွေကို တားမြစ်ခဲ့တယ်လို့ တော်လှန်ရေးသတင်းတွေဖော်ပြပေးနေတဲ့ သပြေညိုသတင်းလွှာက ဖော်ပြထားပါတယ်။
 
” အရင်တုန်းက အဲဒီမြေကွက်က ခြံကြီးခတ်တာဗျ၊ ပတ်လည်မှာလည်း ကျုးတွေရှိတယ်၊ ပြီးခဲ့တဲ့နှစ်ကတည်းက ကျူးတွေကို ဘူဒိုဇာတွေနဲ့ ထိုးပြီးရှင်းထားတာပါ၊ ဒီလအစောပိုင်းကတည်းက အဲဒီနေရာကို လမ်းကြား သုံးခု ဖော်နေတယ်၊ လမ်းဘေးကနေရာတွေကိုတော့ အကွက်ရိုက်ပြီးရောင်းဖို့ လုပ်နေတာပါ၊ အခုဆိုအဲဒီနေရာတွေက ဈေးအရမ်းတန်နေပြီလေ၊ လူလည်းအတော်စည်တဲ့နေရာဖြစ်နေပြီ ” လို့ ဒေသခံတဦးကပြောပါတယ်။
 
လက်ရှိမန္တလေးတိုင်း စစ်ကောင်စီက အဲဒီနေရာကို လူပုဂ္ဂိုလ်တဦးနဲ့ပူးပေါင်းပြီး ပေ ၄၀ ပေ ၆၀ အကျယ်အဝန်းရှိ မြေကွက်တကွက်ကို ကျပ်သိန်း ၅၀၀၀ နဲ့ ပြန်လည်ရောင်းချဖို့ မြေကွက်အများအပြား ဖော်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
 
” ပြည်သူတွေဝယ် မဝယ်ဆိုတာတော့ မသိဘူးဗျ၊ သူတို့(စစ်အုပ်စု)နဲ့ နီးစပ်သူတွေကတော့ ဝယ်ကြမှာပဲဗျ၊ ခက်တာက မသိနားမလည်ဘဲ ဝယ်လိုက်မိတဲ့သူတွေပဲ နောက်တချိန် နစ်နာသွားနိုင်တယ်၊ နိုင်ငံရေးက ဘာမှန်းမသိတော့ တမင်းတက် တမျိုးပြောင်းဆိုရင် ကြားက ပြည်သူပဲ နစ်နာမယ် ” လို့ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တဦးက ဆိုပါတယ်။
ဓာတ်ပုံ – သပြေညိ ုသတင်းလွှာ