စစ်တပ်ဖမ်းသွားတဲ့ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်းတနှစ်နီးပါးအထိ အစနပျောက်နေလို့ အသက်အန္တရာယ်စိုးရိမ်နေ

ဧပြီ၊ ၁၈

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်အတွင်းပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊မေလ ၇ ရက်ကဖမ်းဆီးခံခဲ့ရတဲ့ မလှိုင်မြို့ နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းဟာ တနှစ်ဝန်းကျင်အကြာ ဒီကနေ့ အထိမိသားစုနဲ့အဆက် အသွယ်မရဘဲ အစပျောက်နေလို့ အသက်အန္တရာယ်ကိုစိုးရိမ်နေကြတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

 “နိုင်ငံရေး အကျဉ်းသားတဦးဖြစ်တဲ့အတွက် နိုင်ငံရေးအကျဥ်းသားတဦးရသင့် ရထိုက်တဲ့ အခွင့်အရေး အပြည့် အဝ ရရှိစေချင်တယ်၊တနှစ်ကျော်ကြာသည်အထိ သတင်းအစအနဖျောက်ထားတယ်၊မျက်ကွယ် ကြိုးပေးကွပ် မျက် လိုက်ပြီဆိုတဲ့ သတင်းတွေထွက်လာတယ်၊ဒါကကျွန်တော်တို့အတွက်ရော မိသားစုဝင်တွေအတွက်ရော စိတ်ပူပန် စရာဖြစ်တယ်”လို့ မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ (ဟောင်း)နဲ့နီးစပ်သူတဦးက ပြောပါ တယ်။

မိသားစုရဲ့တောင်းဆိုချက်အရ အမည်ဖော်ပြလို့မရတဲ့ အဲ့ဒီကျောင်းသားသမဂ္ဂဥက္ကဌဟောင်းကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိတ္ထီလာ အခြေစိုက် ခြေမြန်တပ်မ (၉၉)ထဲခေါ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ရက်နှစ်ဆယ်လောက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်က ထောင်ထဲလွှဲပေးလိုက်ပြီလို့ဆိုပေမယ့် မိတ္ထီလာထောင်မှာလည်း စုံစမ်းလို့မရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ အဲ့ဒီဥက္ကဌဟောင်းကို စစ်ကောင်စီက ကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ကြားသိရတာရှိပေမယ့် လက်မခံနိုင်သေးဘဲ အသက်ရှင်နေဆဲဖြစ်တယ်ဆိုတာ ယုံကြည်နေတုန်းပဲလို့ မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

“စစ်အုပ်စုမှာ ကျင့်ဝတ်ဆိုတာ မရှိဘူး၊အဲဒီအတွက်ကြောင့် ကျွန်တော်တို့ ရဲဘော်ရဲ့ အသက်အန္တရာယ်ကို စိတ်ပူ တယ်၊ကျွန်တော်တို့ ရဲဘော်ကို ဘယ်နေရာမှာထားတယ်၊ဘယ်ကို ပို့တယ်၊နောက်ပြီး ကျန်းကျန်းမာမာနဲ့ ရှိတယ် မရှိဘူး သိချင်တယ်၊အဓိက သူကျန်းမာရေးအခြေအနေပါပဲ”လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ဖမ်းဆီးခံထားရပြီးပျောက်ဆုံးနေတဲ့ မလှိုင်မြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ (ဟောင်း)ရဲ့အခြေအနေကိုသိရဖို့သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေနဲ့ကူညီပေးကြဖို့ကျောင်းသားသမဂ္ဂအဖွဲ့တွေကတောင်းဆိုနေကြပါတယ်။

 နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့အခုနှစ် ဧပြီလ ၁၂ ရက်နေ့နောက်ဆုံး ထုတ် ပြန်ချက်အရ လက်ရှိ အကျဥ်းထောင်အသီးသီးမှာဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သူ ၁၇၄၆၀ဦး ရှိနေပါတယ်။

 အဲ့ဒီထဲမှာသေဒဏ်ချခံထားရပြီးထောင်တွင်းမှာထိန်းသိမ်းခံထားသူ ၁၀၉ဦးနဲ့မျက်ကွယ် သေဒဏ်ချ ခံထားရ သူ၄၂စုစုပေါင်း၁၅၁ ဦးအထိရှိနေတဲ့အပြင်သေဆုံးသူပေါင်း၃၂၄၀ အထိရှိနေပြီလို့သိရပါတယ်။

 မြန်မာနိုင်ငံမှာသေဒဏ်စနစ်ကို ၁၉၈၈ခုနှစ်နောက်ပိုင်းလက်တွေ့မကျင့်သုံးတော့ပေမယ့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ မှာထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦးကိုနှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။