ဧပြီ၊ ၁၈
မန်နေဂျာသစ်တစ်ဦး ရှာဖွေနေတဲ့ ချဲလ်ဆီး ဘောလုံးအသင်းဟာ ဘိုင်ယန်မြူးနစ် မန်နေဂျာဟောင်း ဂျူလီယန် နာဂယ်လ်စ်မန်းနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။
ဂျာမန်သား နာဂယ်လ်စ်မန်းဟာ မတ်လတုန်းက ဘိုင်ယန်ရဲ့ ထုတ်ပယ်ခြင်းကို ခံထားရပြီး အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ချဲလ်ဆီးကလည်း မန်နေဂျာ ဂရေဟမ် ပေါ့တားကို ရာထူးက ဖယ်ရှားလိုက်တဲ့နောက်ပိုင်း အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်း ဖရန့်ခ် လမ်းပတ်ကို ယာယီ မန်နေဂျာအဖြစ် ခန့်အပ်ထားပေမယ့် ရလဒ်ဆိုးတွေထဲက ရုန်းမထွက်နိုင်သေးပါဘူး။
လမ်းပတ်ဟာ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေးရဲ့ ရေရှည် စီမံကိန်းအတွက် အဖြေမဟုတ်တာကြောင့် လန်ဒန် အခြေစိုက် အင်္ဂလန် ဘောလုံးကလပ်ဟာ ထိပ်တန်း မန်နေဂျာသစ် တဦးကို လိုက်လံ ရှာဖွေနေပါတယ်။ အခုတော့ အသက် ၃၅ နှစ်အရွယ် နာဂယ်လ်စ်မန်းနဲ့ တရားဝင် ချဉ်းကပ် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ မန်နေဂျာ ပစ်မှတ်စာရင်းမှာ နာဂယ်လ်စ်မန်း တဦးတည်းတင် မကဘဲ ဘာစီလိုနာနဲ့ စပိန်အသင်း မန်နေဂျာဟောင်း လူးဝစ် အန်ရီကေးလည်း အပါအဝင် ဖြစ်ပါတယ်။
နာဂယ်လ်စ်မန်းဟာ မျိုးဆက်သစ် လူငယ်ဘောလုံး မန်နေဂျာတွေထဲမှာ အတောက်ပဆုံး ဖြစ်လာမယ့်သူ တစ်ယောက်လို့ ထင်ကြေးပေး ခံထားရပါတယ်။ သူ့ကို ချဲလ်ဆီးရဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါး အသင်းကလည်း စိတ်ဝင်စားနေပါတယ်။
နာဂယ်လ်စ်မန်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းကို ကိုင်တွယ်ချိန်တုန်းက လက်ရှိ ချဲလ်ဆီး အသင်းရဲ့ အားကစား ဒါရိုက်တာ လောရင့် စတီးဝပ်၊ နည်းစနစ် ဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ်တို့နဲ့ အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။ သူဟာ အသက် ၂၈ နှစ် အရွယ်မှာ ကတည်းက ဟော့ဖန်ဟိုင်း အသင်းကို ကိုင်တွယ်ပြီး ဘောလုံးမန်နေဂျာ ဘဝကို အစပြုခဲ့တာ ဖြစ်ပါတယ်။