စစ်ကောင်စီလွတ်ငြိမ်းခွင့်မှာ ရာဇဝတ်အကျဉ်းသားတွေနဲ့ စစ်ပြေး၊ရဲပြေးအများစုသာ ပါဝင်

ဧပြီ၊ ၁၇

မြန်မာနှစ်ဆန်းတရက်နေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား သုံးထောင်ကျော်ကို ခံဝန်ကတိ လွတ်ငြိမ်းခွင့်နဲ့ဒီကနေ့ပြန်လွှတ်ပေးရာမှာ လွတ်လာ သူအများစုကရာဇဝတ်မှုနဲ့ထောင်ဒဏ်ကျခံနေရသူ တွေဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေ၊နိုင်ငံရေး အကျဉ်းသားတွေကိုကူညီပေးနေသူ တွေကပြောပါတယ်။

ဒီကနေ့ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား နှစ်ရာဝန်းကျင် ပြန်လွတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား တဦးမှမပါလာသလို မွန်ပြည်နယ်အတွင်း အကျဉ်းထောင်၊အချုပ်ထောင်၊ကုန်ထုတ်အကျဉ်း စခန်း စတဲ့နေရာ(၁၁) ကနေ အကျဉ်းသား နှစ်ရာကျော်ပြန်လွတ်လာရာမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်လာတာမရှိပါဘူး။

“မနက်ကတည်းက လွှတ်ပေးနေတဲ့သူတွေထဲမှာ တကယ်လွတ်သင့်လွတ်ထိုက်တဲ့သူတွေ အခုထိမပါသေးဘူး၊ တခြား ပြစ်မှုတွေကိုဘဲ လွှတ်ပေးနေတာတွေ့ရတယ်၊နိုင်ငံရေးနဲ့ ဖြစ်ဖြစ် ၅၀၅နဲ့ဖြစ်ဖြစ် အကျဉ်းကျခံနေရတဲ့ သူတွေ ကိုတော့ ဒီနေ့မှာ တယောက်မှမလွတ်ပေးဘူးလို့လည်း ပြောသံကြားတယ်၊ထောင်ထဲမှာကျန်နေသေးတဲ့ နိုင်ကျဉ်းတွေကိုအမြန်ဆုံးလွတ်စေချင်နေပြီ”လို့ရန်ကုန်မြို့ခံ နိုင်ကျဉ်းမိသားစုဝင်တဉီးကပြောပါတယ်။

 အင်းစိန်ထောင်က ပြန်လွတ်လာသူအများစုဟာ ခိုးမှု၊ ဓားပြမှု၊ လိမ်လည်မှု၊လူသတ်မှု၊မုဒိန်းမှုစတဲ့ ရာဇဝတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း ပြည်နဲ့ပေါင်းတည်အကျဉ်းထောင်တွေက ပြန်လွတ်လာသူ (၁၃)ဦးရှိရာမှာလည်း ရာဇဝတ်မှု အကျဉ်းသားတွေသာဖြစ်တယ်လို့ DNA ကရရှိထားတဲ့ လွတ်ငြိမ်းခွင့်ရအကျဉ်းသား စာရင်းတွေအရသိရပါတယ်။

အလားတူ မွန်ပြည်နယ်အတွင်း အကျဉ်းချနေရာ (၁၁)ခု ကနေ ပြန်လွတ်လာသူအများစုဟာ  မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ တပ်ပြေးနဲ့ ရဲပြေးအမှုနဲ့ထောင်ဒဏ်ကျခံနေရသူတွေဖြစ်တယ်လို့ DNA ကရရှိထားတဲ့ လွတ်ငြိမ်းခွင့်ရ အချက်အလက်တွေအရသိရပါတယ်။

“နိုင်ငံရေးအကျဉ်သား တဦးတယောက်မှ မပါဘူးလို့ အကိုတို့ ရထားတဲ့စာရင်းတွေမှာ သိရတယ်၊ဒါကလည်း သူ တို့က ရည်ရွယ်ချက်နဲ့ပဲ ပြန်လွတ်ပေးနေတာပဲ အားလုံးအသိပဲ” လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ သထုံမြို့ခံတဦးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ အဓိက ဖမ်းဆီးချုပ်နှောင်ထားပြီး အဲဒီအကျဉ်ထောင်မှာ မွန်၊ ကရင်၊ ရန်ကုန် အစရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား/သူစုစုပေါင်းသုံးရာ ကျော်ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းထားတဲ့ (၈၀၁)ရက်အတွင်း ဖမ်းဆီးခံထားရသူ ၄၀၀ ကျော်ရှိပြီး အဲဒီကနေ ၂၀၀ ကျော်က ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

 ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ NLD အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းပြန်လွတ်လာဖို့ရှိတယ်ဆိုတဲ့ သတင်း တွေသာတွေ့ရပြီး တခြားနိုင်ငံရေးအကျဉ်းသားများများစားစား ပြန်လည်လွတ်မြောက်လာတာမတွေ့ရသေးပါဘူး။

“အထူးသဖြင့် တော့ မူးယ​စ်ဆေးဝါးမှုတွေ၊နောက်တခုကတော့ စစ်ပြေးတွေ ရဲပြေးတွေ နောက် တခုကတော့ လူ မိုက်တွေ ဇိုးတွေပေါ့နော်၊လူသတ်အလောင်းဖျောက် မုဒိမ်းပေါ့၊အဲ့ဒီလိုလူတွေကို မလွှတ်ခင်ကတည်းက သူတို့က ကြိုပြီးတော့ညှိနှိုင်းပြီးတော့ သူတို့ လိုချင်တဲ့ ဒေသအသီးသီးမှာ ပြည်သူကိုပြန်ပြီးတော့ မတရားသဖြင့် ဖိနှိပ်ဖို့ အ တွက်ကိုပဲ ကြိုပြင်ဆင်နေတာတွေကိုတော့ ကြားပြီးပြီ”လို့ဒီကနေ့လွတ်ငြိမ်းခွင့်နဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါ တယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဒီကနေ့လွတ်ငြိမ်းခွင့်အပါအဝင် နှစ်နှစ်ကျော်အတွင်း လွတ်ငြိမ်းခွင့်ကိုးကြိမ်ပေးခဲ့ပြီး အကျဉ်းသား ခြောက်သောင်းကျော်ပြန်လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ငါးထောင်ကျော်သာပါဝင်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၂၁၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ၃၈၀၀ ကျော်ကိုပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ အာဏာသိမ်း ပြီးနောက် ဖမ်းဆီးခံရသူတွေထဲက (၁၇၀၀၀)ကျော်ဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။