ဧပြီ၊ ၁၂
ဧပြီ ၁၂ ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့က စစ်ကောင်စီသင်္ကြန်ဗဟိုမဏ္ဍပ်အနီးမှာ ဒီကနေ့မနက်အစောပိုင်းက မပေါက်ကွဲသေးတဲ့ဗုံးတွေ့လို့ စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချပြီး တင်းကျပ်ထားတယ်လို့ ပြည်မြို့ခံ တွေ က DNAကိုပြောပါတယ်။
“မနက်အစောပိုင်းကတွေ့တာ အစောင့်ရဲတွေက စစ်တပ်ကကောင်တွေခေါ်ပြီး ဖျက်ဆီးလိုက်တာပေါ့၊ ဖုန်းနဲ့ ချိတ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းလို့ပြောတယ်၊အခုတော့ အင်အားထပ်ချထားတယ်၊ မြို့အဝင်အထွက် တွေကို လည်း ပိတ်စစ်နေတယ်”လို့ ပြည်မြို့က မီးသတ်တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။
တွေ့ရှိတဲ့ ဗုံးဟာ အဝေးထိန်းဗုံးဖြစ်ပြီး ဒီကနေ့မနက်အစောပိုင်းက အမည်မသိလူငယ်နှစ်ဦးက ဗုံးပါတဲ့အထုပ် လာချသွားတာကို မဏ္ဍပ်အနီးဈေးရောင်းတဲ့အမျိုးသမီးတဦးကတွေ့ပြီး သတင်းပေးလိုက်တာလို့ ဆိုပါတယ်။
“ငါးနာရီလောက်ဖြစ်မယ်၊အထုပ်လာချတာကို ဈေးရောင်းတဲ့ မိန်းမ တယောက်မြင်သွားပြီး မဏ္ဍပ်ပေါ်က အ စောင့်တွေကို အသိပေးလိုက်တာ၊ ရဲနဲ့စစ်သားတွေက တနေရာယူသွားပြီး ဖျက်ဆီးလိုက်တာ”လို့ဗဟိုမဏ္ဍပ်ရှိတဲ့ ရပ်ကွက် အတွင်း နေထိုင်သူ တဦးကပြောပါတယ်။
အဲ့ဒီဗုံးကိုတွေ့ရှိရှင်းလင်းပြီးနောက် အင်းမမြို့အခြေစိုက် စစ်ကောင်စီတပ်မ (၆၆)က အင်အား(၅၀)ဝန်းကျင်၊ ဝက် ထီးကန်ရဲသင်တန်းကျောင်းက ရဲအင်အား (၇၀)ကျော်နဲ့ လက်နက်ငယ်သင်တန်းဆင်း စည်ပင်ဝန်ထမ်း(၅၀) လောက်ကို ပြည်မြို့လုံခြုံရေးအတွက် အင်အားထပ်တိုးချထားလိုက်တယ်လို့ မြို့ခံသတင်းရင်းမြစ်တွေ ကပြော ပါတယ်။
အခုနှစ် သင်္ကြန်ကို တနိုင်ငံလုံးမှာ စည်စည်ကားကား ကျင်းပမယ်လို့ စစ်ကောင်စီက ကြွေးကြော်ထားပြီး ဒါဟာ နိုင်ငံရေးအရ အသုံးချနိုင်ဖို့လို့ ဝေဖန်သုံးသပ်မှုတွေရှိနေပါတယ်။
စစ်ကောင်စီဟာ သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ Non-CDM ဝန်ထမ်းတွေကို မဖြစ်မနေသွားဖို့ ဖိအားပေးခိုင်းစေထားတယ်လို့လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်း အသိုင်းအဝိုင်းကပြောကြပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီသင်္ကြန်နဲ့ ပြည်သူတွေဝေးဝေးနေကြဖို့နဲ့ အချိန်မရွေးတိုက် ခိုက်မှုတွေရှိလာနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားကြပါတယ်။လက်ရှိမှာလည်း သင်္ကြန်ပွဲတော်မစတင်မီက တည်းက နိုင်ငံတဝန်းကစစ်ကောင်စီရဲ့သင်္ကြန်မဏ္ဍပ်ခြောက်ခုထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခံထားရပါတယ်။
ပဲခူးတိုင်း၊ပြည်ခရိုင်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၉ရက်မှာ ပေါင်းတည်မြို့က ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်အနီး ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီပေါက်ကွဲမှုဟာ သတိပေးတဲ့အနေနဲ့လုပ်ဆောင်ခဲ့တဲ့ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောထားပါတယ်။
ဒီကနေ့ ပြည်မြို့ ဗဟို မဏ္ဍပ်အနီး အဝေးထိန်းဗုံးတွေ့ရှိမှုကိုတော့ ဘယ်အဖွဲ့က လုပ်တယ်ဆို တာမသိရသေးပါဘူး။