ထိုင်ဝမ်လေယာဉ်မှူးတွေ ဝတ်တဲ့ ဂျာကင် လက်မောင်းတံဆိပ် လူကြိုက်များနေ

ဧပြီ ၁၂

ထိုင်ဝမ် လေတပ်က လေယာဉ်မှူးတွေ ဝတ်ဆင်တဲ့ လက်မောင်းတံဆိပ် တခုဟာ အင်တာနက်မှာ လူပြောများတဲ့ ကိစ္စတခု အနေနဲ့ ပျံ့နှံ့လာခဲ့ပါတယ်။

 ဓာတ်ပုံတွေထဲမှာ ထိုင်ဝမ် တိုက်လေယာဉ်မှူးတွေဟာ ဖော်မိုဆန် (ထိုင်ဝမ်ကျွန်းရဲ့ ရှေးရိုးရာ တိုင်းရင်းသား မျိုးနွယ်စု) ဝက်ဝံနက် တကောင်က Winnie the Pooh ကာတွန်းဇာတ်ကောင် ဝက်ဝံညိုရဲ့ မျက်နှာကို ပင့်လက်သီးနဲ့ ထိုးနေပုံ ပခုံးတံဆိပ်ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

 Winnie the Pooh ကာတွန်း ဇာတ်ကောင်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို နောက်ပြောင် ရည်ညွှန်းတဲ့ ပုံရိပ် တခုအဖြစ် သတ်မှတ် ခံထားရပြီး အခု ပခုံးတံဆိပ်က ထိုင်ဝမ် အနေနဲ့ တရုတ်ရဲ့ လွှမ်းမိုးလိုမှုကို အကြမ်းနည်းနဲ့ တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ပြဆိုနေပါတယ်။

 တရုတ်က ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည် ပိတ်ဆို့ပြီး ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေချိန်မှာ ထိုင်ဝမ် လေသူရဲတွေက အဲဒီလို ဒီဇိုင်းသစ် လက်မောင်းတံဆိပ်ကို ဝတ်ဆင်ပြခဲ့တာ ဖြစ်ပါတယ်။

 ထိုင်ဝမ်မှာတော့ အဲဒီ ပခုံးတံဆိပ်သစ်နဲ့ လေယာဉ်မှူး ဂျာကင်တွေကို လိုက်လံရှာဖွေ ဝယ်ယူမှုတွေ ရုတ်တရက် မြင့်တက်လာနေတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

 တရုတ်မှာတော့ ဗြိတိန် ကာတွန်းပညာရှင် အေအေ မီလ်နီ ဖန်တီးခဲ့တဲ့ Winnie the Pooh ဇာတ်ကောင်ကို ဆင်ဆာ ဖြတ်တောက်မှုတွေ ရှိနေပါတယ်။ အကြောင်းကတော့ အင်တာနက်ပေါ်က Memeတွေနဲ့ Trollတွေမှာ အဲဒီ ကာတွန်း ဇာတ်ကောင်ဟာ သမ္မတရှီကို ရည်ညွှန်းမှုအတွက် အသုံးချ ခံရတာကြောင့် ဖြစ်ပါတယ်။

 လူပြောများနေတဲ့ ပခုံးတံဆိပ်ကို ဖန်တီးခဲ့သူ အဲလက်ဆူးက သူဟာ ဒီတံဆိပ်ပါတဲ့ ဂျာကင်တွေကို မနှစ်ကတည်းက ရောင်းချနေခဲ့ပြီး ဖြစ်ပေမယ့် ထိုင်ဝမ် လေတပ်ရဲ့ သတင်းဌာနက လေယာဉ်မှူးတွေ အဲဒီဂျာကင် ဝတ်ထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ချိန်မှာ ရောင်းအား တဟုန်ထိုး တက်လာကြောင်း ပြောပြပါတယ်။

 သူက ထိုင်ဝမ် စစ်သားတွေအတွက် စိတ်ဓာတ် မြှင့်တင်ပေးဖို့ ပေါ့ပေါ့ပါးပါး နောက်ပြောင်တဲ့ ဒီဇိုင်းမျိုး ရေးဆွဲခဲ့တာဖြစ်ပြီး အများက သဘောကျ နှစ်ခြိုက်ကြလို့ ဝမ်းသာမိတယ်လို့လည်း ဆိုပါတယ်။

 တရုတ်ဟာ ထိုင်​ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းပိုက်တာမျိုးထိ စဉ်းစားထားတယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကတော့ တရုတ်ရဲ့ လွှမ်းမိုးလိုမှုကို ဖီဆန်ပြီး လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုအဖြစ် ရပ်တည်ဖို့သာ လိုလားနေပါတယ်။