ဧပြီ၊ ၁၁
ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးပြီး နယ်ခြားစောင့်တပ်(BGF)ထံ လွှဲပြောင်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF သုံးဦးက မော်လမြိုင်မြို့ရှိ စစ်ကြောရေးတစ်ခုမှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ညှင်းပမ်းနှိက်စက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် အသက် အန္တရာယ်စိုးရိမ်နေရတယ်လို့ DNA က စုံစမ်းသိရှိရပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဆေးလာကုတဲ့ PDF သုံးဦးဟာ လမ်းမှားပြီး ဘန်ကောက်သွားတဲ့လမ်းပိုင်းကို ရောက်ရှိသွားတာကြောင့် ဧပြီလ ၁ ရက်နေ့မှာ ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ယင်းနောက် ထိုင်းအာဏာပိုင်တွေက ကရင်နယ်ခြားစောင့်တပ်(BGF)ထံကို လွှဲပြောင်းပေးခဲ့ပြီး အဲဒီကနေတဆင့် သူတို့ ၃ ဦးကို မော်လမြိင်မြို့က စစ်ကြောရေးတခုကို ပို့ဆောင်ထားခဲ့ပါတယ်။
သူတို့ကိုတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ယာယီ တိုင်းမှူး ကိုယ်တိုင်က အနီးကပ်ကြီးကြပ်ကွပ်ကဲကာ စစ်ဆေးမေးနေတာဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရတဲ့ မွန်ပြည်နယ်စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဌာနဆိုင်အရာ အရာရှိတစ်ဦးက DNA ကို အတည်ပြု ပြောဆိုပါတယ်။
“ ဧပြီ ၇ ရက်နေ့ကလား မသိဘူ။မော်လမြိုင်ကို ရောက်တယ်။ရက်တော့ အတိအကျမသိရဘူ။ကျွန်တော်သိရတာတော့ ၈ ရက်နေ့မှာပ။သူတို့ ၃ ဦးလုံးပါ၊ အဲထဲမှာ တဦးက ဒဏ်ရာတွေ ပြင်းထန်နေတာတော့ သိရတယ်။ ကျန်တဲ့နှစ်ဦးက အဲလောက်ထိ မဟုတ်ဘူး၊ ဒါက ရောက်လာတဲ့အခြေအနေပါ။ အခုသူတို့ကိုတော့ တိုင်းမှူးအကြီးအကဲတွေကိုယ်တိုင် စစ်ဆေးမှုတွေ လုပ်နေတယ်။ အနီးကပ်ကွပ်ကဲနေတယ်၊ ကျွန်တော်သိရသလောက်တော့ အခုချိန်ထိတော့ မော်လမြိုင်က စစ်ကြောရေးတစ်ခုခုမှာ ရှိနေဆဲပဲ။” လို့ ပြောပါတယ်။
လက်ရှိ မော်လမြိုင်မြို့ရှိ စစ်ကြောရေးကို ရောက်ရှိနေတဲ့ တော်လှန်ရေးရဲဘော်သုံးဦးမှာ စစ်ကောင်စီတပ်ကို ခုခံတော်လှန် တိုက်ခိုက်နေတဲ့ ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando အဖွဲ့မှ ဒုတိယစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြာရေး တာဝန်ခံ ကိုထက်နေဝန်းနဲ့ တပ်ဖွဲ့ဝင် စောဖြိုးလေးတို့ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက သူတို့ သုံးဦးကို နယ်စပ်လှေဆိပ်တွေကနေတဆင့် ကရင်နယ်ခြားစောင့်တပ် BGF တွေထံ လွှဲပြောင်းပြီးတဲ့နောက်မှာ ပစ်ခတ်ဖမ်းဆီးမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောဆိုနေကြသလို သတင်းမီဒီယာတွေကလည်း ရေးသားဖော်ပြခဲ့ကြပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိသလို စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သေဆုံးတယ်ဆိုတာ မဟုတ်မှန်ကြောင်းကို ဧပြီလ ၈ ရက်နေ့မှာ BBC သတင်းဌာနကို ပြောဆိုထားပါတယ်။
ဒါပေမယ့် မော်လမြိင်မြို့ စစ်ကြောရေးကို ရောက်ရှိလာချိန်မှာတော့ သုံးဦးအနက် ကိုသီဟ ဆိုသူတဲ့ ဒဏ်ရာတွေ ရရှိထားတာ မှန်ကန်ကြောင်းသာ အတည်ပြုပေးနိုင်တယ်လို့ မွန်ပြည်နယ်စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဌာနဆိုင်အရာ အရာရှိတစ်ဦးက DNA ကို ပြောပါတယ်။
“ သူတို့ရောက်လာတဲ့အချိန်မှာ စစ်ကြောင်းမှူးလား ဘာလားမသိဘူး၊ အဲလူက ဒဏ်ရာ ရလာတယ်လို့ သိရတယ်၊ ဘာကြောင့် ရလာတာလည်း၊ ဘာဒဏ်ရာ၊ ဒဏ်ချက်လည်းဆိုတာ ကျွန်တော်တို့လည်း မသိရဘူး၊ သိခွင့်လည်း မရှိခဲ့ဘူး။ ဘယ်သူသေသွားလည်း မသေသေးဘူးဆိုတာလည်း မသိရဘူးပေါ့နော်၊ အခုချိန်ထိပေါ့။” လို့ ပြောပါတယ်။
လက်ရှိမှာတော့ သူတို့ သုံးဦးစလုံးကို စစ်ဆေးမေးမြန်းနေစဉ်အတွင်း ညှင်းပမ်းနှိက်စက်ခံထားရတဲ့ ဒဏ်ရာတွေ အများအပြားရရှိထားတာကြောင့် အသက်အန္တရာယ်နဲ့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
“ အခု သိရသလောက်ဆိုရင် ဒဏ်ရာတွေက အများကြီး ရထားတာ သိရတယ်။အရင်ဒဏ်ရာ ရထားတဲ့ တယောက်က ပိုစိုးရိမ်ရတယ်၊ အခြေအနေက တော်တော်ဆိုးဆိုးဝါးဝါးရှိနေတဲ့အနေအထားပါ။ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောလို့ရတာ ပေါ့။” လို့ ပြောပါတယ်။
ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း တပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံ လွှဲပြောင်းပေးတာဟာ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှု မရှိသလို စစ်ကောင်စီရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် ထိုင်းနိုင်ငံကို ရွေ့ပြောင်းခိုလှုံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်ထားတာဖြစ်တယ်လို့ ဧပြီလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီလိုမျိုး အလားတူဖြစ်ရပ်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ်ဆက်သွယ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်လျက်ရှိတယ် လို့လည်း NUG က ပြောဆိုထားပါတယ်။
အလားတူ ထိုင်းအာဏာပိုင်တွေအနေနဲ့ နယ်ခြားစောင့်တပ် (BGF)ထံ PDF သုံးဦးကို လွှဲပြောင်းပေးလိုက်တဲ့ကိစ္စကိုလည်း အပြင်းအထန်ရှုတ်ချလိုက်ပြီး ဖြေရှင်းချက်ပေးဖို့ကိုလည်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ The Commoners’ Party က ဧပြီလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားပါတယ်။
ဒီလို လွှဲပြောင်းတာဟာ ထိုင်းနိုင်ငံအနေနဲ့ ညှင်းပန်းနှိပ်စက်မှုနဲ့ လက်စဖျောက်ဖမ်းဆီးမှုကို ဆန့်ကျင်သော ဥပဒေပုဒ်မ ၁၃ အရ ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ကို ချိုးဖောက်ရာ ရောက်နေတာကြောင့် ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီထံ ဖမ်းဆီးခံထားရတဲ့ ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando အဖွဲ့မှ ဒုတိယစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြာရေး တာဝန်ခံ ကိုထက်နေဝန်းနဲ့ တပ်ဖွဲ့ဝင် စောဖြိုးလေးတို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့အချိန်ထိတော့ စစ်ကောင်စီကတစုံတရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။