ဧပြီ၊ ၁၁
ကရင်နီပြည်နယ်(ကယားပြည်နယ်)ထဲ ထိုင်း-မြန်မာနယ်စပ်က IDPs စခန်းတွေအပါအဝင် စခန်း ၃ ခုဟာ စားနပ်ရိက္ခာပြတ်လပ်မယ့် အရေးနဲ့ ကြုံတွေ့နေရပြီး လွိုင်ကော်မြို့နယ်ဘက်ခြမ်းက IDPs စခန်း (၄)နေရာထက် မနည်းမှာလည်း စားနပ်ရိက္ခာ လိုအပ်ချက် ပိုမြင့်မားလာနေ တယ်လို့သိရပါတယ်။
ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းမှာ ထိုင်းဘက်က ဆန်ရိက္ခာတွေ ပို့နေတဲ့ ကားလမ်းကို ထိုင်းအာဏာပိုင်တွေက တလကျော်ကြာ လုံခြံရေးအရ သွားလာခွင့် ပိတ်ထားလို့ ဒီလအတွက် ဆန်ရိက္ခာတွေကို မထောက်ပံ့နိုင်တာကြောင့် စစ်ရှောင်တွေ ရိက္ခာပြတ်လပ်မဲ့ အရေးနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
“လောလောဆယ်ကတော့ ကြုံနေရတာက ၃နေရာလောက်ပေါ့။ ဒေါနိုးကူးစစ်ရှောင်စခန်းရှိမယ်။ မယ်ဟောင်ဆောင်အနီးက စစ်ရှောင်းစခန်းရှိမယ်။ သုံးနေရာက ဘော်လခဲအနားမှာ အရင်တလောက တိုက်ပွဲဖြစ်ပွားတော့ ရေနီပေါက်စစ်ရှောင်စခန်းကလည်း တော်တော်လေးအကြပ်ရိုတ်နေတယ်ပေါ့နော်။ ပြည်တွင်းနဲ့လည်း ဝေးတယ်။ နယ်စပ်နဲ့လည်း ဝေးတော့ ဒီဘက်ပြည်တွင်းကလည်း အကုန်လမ်းတွေ ပိတ်သွားတယ်။ နယ်စပ်ဘက်ကနေလည်း ဆန်တင်သွင်းဖို့ အရမ်းကို ခက်ခဲတဲ့အတွက်ကြောင့် စားနပ်ရိက္ခာပြတ်တောက်မှု အကြီးအကျယ်ခံနေရတာက ဒီတနေရာ၊ သုံးနေရာပေါ့နော်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
ထိုင်း-ကရင်နီနယ်စပ်မှာ ရှိတဲ့ ဒေါနိုးကူးစစ်ရှောင်စခန်းဟာ တလနီးကြား ရိက္ခာတင်ပို့ခွင့် မရဘဲဖြစ်နေပြီး စစ်ရှောင်လေးထောင်ခန့်ဟာ စားနပ်ရိက္ခာပြတ်လပ်မဲ့ အခြေအနေနဲ့ ကြုံနေရတာဖြစ်ပါတယ်။ အဲဒီစခန်းဟာ ကရင်နီတပ်မတော်ရဲ့ စစ်စခန်း အမှတ် (၁)နဲ့လည်း နီးသလို ထိုင်းဘက်ခြမ်းက စစ်တပ်ကုန်းနဲ့လည်း နီးကပ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ်လအတွင်းက တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်တွေ တဖြည်းဖြည်းနဲ့ ရောက်လာရာ ခုချိန်မှာ ဒေါနိုးကူးစခန်းကို နှစ်ထောင်နီးပါးခန့် ထပ်ရောက်ရှိလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ ထပ်မံလိုအပ်နေပြန်ပါတယ်။
မယ်ဟောင်ဆောင်အနီးက စစ်ရှောင်စခန်းမှာလည်း စစ်ကောင်စီက စားနပ်ရိက္ခာတင်ပို့မှုကို ပိတ်ဆို့ထားတဲ့အတွက် ဆန်ရိက္ခာပြတ်တောက်မှု စတင်ရင်ဆိုင်လာရသလို ထိုင်း-မြန်မာနယ်စပ်က နမ့်ပါးချောင်းအောက်ဘက်က စစ်ရှောင်ရာဂဏန်းရှိတဲ့ စခန်းတခုမှာလည်း အလားတူအခြေအနေမျိုး ကြုံနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ ရှမ်း-ကယားနယ်စပ်က ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေက စစ်ရှောင်တစ်သောင်းနီးပါးဟာ လွိုင်ကော်မြို့နယ် ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ရောက်ရှိနေပြီး အဲဒီက စစ်ရှောင်စခန်း လေးနေရာထက်မနည်းမှာ ဆန်ရိက္ခာ၊ အမိုးအကာတွေ လိုအပ်ချက် မြင့်မားနေပါတယ်။
“အဲဒီက စစ်ဘေးရှောင်တွေက လွိုင်ကော်မြို့နယ်ဘက်ခြမ်းကို ဝင်လာတာရှိတယ်။အဲဒီမှာလည်း စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတယ်။ အမိုးအကာ၊ ရေ ပေါ့နော်၊ အနည်းဆုံးကတော့ လေးငါးနေရာကတော့ အရမ်းကို လိုအပ်ချက်မြင့်မားနေတယ်။ ပိတ်ဆို့မှုလည်း ခံနေရတဲ့အတွက်ကြောင့်မို့ အခြေအနေက ပိုဆိုးဝါးလာတယ်”လို့ ကိုဗညားကပြောပါတယ်။
ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်အရှေ့ဘက်ခြမ်းတွေက စစ်ရှောင်စခန်းတွေမှာလည်း စစ်ကောင်စီက စားနပ်ရိက္ခာတင်ပို့မှုတွေကို ဖြတ်တောက်၊ ကန့်သတ်ထားတဲ့အတွက် ကုန်းဈေးနှုန်းတွေ ပိုမိုမြင့်မားလာပြီး ပိုကြပ်တည်းလာနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အင်အားအလုံအရင်းနဲ့ ထိုးစစ်ဆင်မှုတွေ လချီလာပြီးဖြစ်တဲ့ ကရင်နီပြည်နယ်မှာ နေစဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေသလို နေစဉ်နဲ့အမျှလည်းစစ်ရှောင်တွေ တိုးလာနေပါတယ်။
၂၀၂၁ခုနှစ်၊ မတ်လမှာ လူဦးရေ သုံးသိန်းနီးပါးရှိပြီးလက်ရှိမှာ ကရင်နီပြည်ရဲ့ ထက်ဝတ်ကျော် ၂သိန်းခွဲခန့်ဟာ စစ်ရှောင်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိတိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA ) ထုတ်ပြန်ထားပါတယ်။
နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါးအကူအညီလိုအပ်နေတဲ့ သူပေါင်း ၄ ဒဿမ ၅ သန်းရှိတယ်လို့လည်း ဆိုပါတယ်။