စစ်ကောင်စီက ကန့်ဘလူမှာ လေကြောင်းကတိုက်လို့ ကလေးငယ်တွေအပါအဝင် တရာဝန်းကျင်သေဆုံးနိုင်

ဧပြီ၊ ၁၁

စစ်‌ကိုင်းတိုင်း  ၊ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာမှာကျင်းပနေတဲ့ တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ )ရုံးဖွင့်ပွဲကို ဒီကနေ့ဧပြီ၁၁ရက်‌၊ မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက MI 35 နဲ့ ဂျက်ဖိုက်တာနဲ့ လကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် ကလေးတွေအပါအဝင် အရပ်သားပြည်သူတရာဝန်းကျင်အထိ ထိခိုက်သေဆုံးမူရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

” တိုက်နယ်ရုံးဖွင့်ပွဲဆိုတော့ တခြားရွာတွေကလည်းလာကြတာတွေအများကြီး။ အဲ့ဒါကိုလာပစ်သွားတာ။ MI 35 ကအရင်ပစ်တယ်။ ဂျက်ဖိုက်တာက နောက်ကလိုက်ပစ်တာ” လို့ ပစ်ခတ်မူဖြစ်စဉ်ကိုမြင်တွေ့သူတဦးကပြောပါတယ်။

KIO/KIA ထိန်းချုပ်ဒေသတခုဖြစ်တဲ့ ဖားကန့်မြို့နယ်  အနန့်ပါဒေသမှာလည်း ညအချိန် နှစ်ပတ်လည် ဖျော်ဖြေပွဲလုပ်နေချိန်ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းစစ်ကောင်စီကလေကြောင်းကဗုံးကြဲလို့ လူရှစ်ဆယ်ခန့်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်မူကြောင့် ပကဖ ရုံးဖွင့်ပွဲကိုလာရောက်ကြတဲ့ ပြည်သူတွေအတုံးအရုံးသေဆုံးပြီးထိခိုက်ဒဏ်ရာရတဲ့သူတွေအများအပြားရှိသလို ကလေးသူငယ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

‘’ အခုဖြစ်တဲ့နေရာမှာ ကျွန်တော်ရှိနေတယ်။ အလောင်းတွေလိုက်စုနေတုန်း၊ စုသဂြိုလ်နေရတယ်။ ဆုံးတဲ့လူတွေက ရွာအစုံပဲ လူတွေပါတယ် ။ပတ်ချာလည်ကဖိတ်ထားတဲ့ ရွာတွေ လူတွေကတော့ ဘယ်သူတွေခွဲခြားလို့မရဘူး။ ဒေသခံတွေပိုများမယ် ။သေတဲ့လူတွေမှာ ခက်တာဘယ်သူဘယ်ဝါခွဲမရဘူး။ အဆောက်အဦးတည့်တည့်ကို ပစ်ချလိုက်တာ ရုံးသေးသေးလေပါကိုပစ်ချလိုက်တာဗျာ’’ မျက်မြင်တွေ့ရှိသူ တခြားတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်မူကြောင့် ဒဏ်ရာရရှိသူတွေကို ကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး ထိခိုက်ကျဆုံးမူစာရင်းကို လောလောဆယ်မှာ အတိအကျသိရှိနိုင်ခြင်းမရှိသေးဘူးလို့ လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကန့်ဘလူနယ် ၊ပဇီးရွာက ပကဖ တိုက်နယ်ရုံးဖွင့်ပွဲကို တိတိကျကျလာရောက်ပစ်ခတ်တဲ့အတွက် ကြိုတင်သတင်းရထားတာဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။

” ကယ်ဆယ်ရေးတွေလုပ်နေတုန်းဗျ။ တော်တော်ဆိုးတယ်ဗျ။ သေဆုံးမူတွေထပ်ရှိလာဦးမယ်ထင်တယ်ဗျ” လို့ သူကပြောပါတယ်။

ဒီနေ့ နေ့လည်း ၁၂ နာရီမှာရရှိတဲ့ သတင်းတွေအရ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှုတွေ ထပ်လာနိုင်တယ်ဆိုလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တရပ်နားထားရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းချိန်ကနေ တနိုင်ငံလုံးမှာ လူငါးယောက်ထက်ပိုတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ဖြစ်စဉ်  ၆၄ ကြိမ်ဖြစ်ပွားပြီးလူပေါင်း ၇၆၆ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ရာဇဝတ်မှုအပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူအပြစ်ပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာအစိုးရတွေကို တောင်းဆိုးထားပြီး အပြစ်ပေးအရေးယူနိုင်ဖို့ကြိုးပမ်းမယ်လို့ဆိုထားပါတယ်။