ဧပြီ၊ ၁၁
လေယာဉ်တင် သင်္ဘောကြီး တစီးက ဦးဆောင်ပြီး ထိုင်ဝမ်ကျွန်းကို ဝန်းရံ ပိတ်ဆို့ တိုက်ခိုက်တဲ့ ၃ ရက်ကြာ စစ်ရေး လေ့ကျင့်မှုကို တရုတ်က အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။
ဧပြီ ၁၀ ရက်က တရုတ်ရေတပ်ရဲ့ Shangdong လေယာဉ်တင် သင်္ဘောကြီးဟာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့ဖက်ကနေ တိုက်လေယာဉ်တွေ ပျံတက်စေပြီး ထိုင်ဝမ် လေပိုင်နက်နားမှာ စစ်ရေးလေ့ကျင့်စေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ထိုင်ဝမ်ကျွန်းရဲ့ အနောက်ဖက်ခြမ်းမှာလည်း တရုတ် ပြည်မကြီးဖက်က ပျံသန်းလာတဲ့ တိုက်လေယာဉ် တချို့ဟာ ထိုင်ဝမ် ရေလက်ကြားကို ကျော်ဖြတ်ပြီး ထိုင်ဝမ် လေပိုင်နက်နား ချဉ်းကပ်ခဲ့ပြန်ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံရဲ့ အရှေ့ဖက်ခြမ်း ပင်လယ် သမုဒ္ဒရာထဲကနေ တရုတ် တိုက်လေယာဉ်တွေ ဝန်းရံပိတ်ဆို့ ပျံသန်းမှုနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ကြောင်း အတည်ပြုသွားပါတယ်။
ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က အမေရိကန်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကနေ ပြန်လာချိန်နဲ့ တိုက်ဆိုင်ပြီး တရုတ် ရေတပ်က ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်ကို ပိတ်ဆို့ထားတဲ့ သရုပ်တူ စစ်ရေးလေ့ကျင့်မှုမျိုး ၃ ရက်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု စစ်ရေးလေ့ကျင့်မှုဟာ ဩဂုတ်လတုန်းက ထိုင်ဝမ်ကို အဲဒီတုန်းက အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီ လာရောက် လည်ပတ်တဲ့ အချိန်မှာ တရုတ်က ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုလောက်တော့ ပမာဏ မကျယ်ပြန့်ပါဘူး။ ဒါတောင်မှ နယ်စပ်တဝိုက်မှာ တရုတ်စစ်လေယာဉ် အစီး ၇၀ လောက် လှုပ်ရှားနေတာကို ထိုင်ဝမ်က စောင့်ကြည့်ခဲ့ရပါတယ်။
ထိုင်ဝမ်ဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုအဖြစ် ရပ်တည်ဖို့ ဆန္ဒရှိပေမယ့် တရုတ်ကတော့ နိုင်ငံရဲ့ အရှေ့တောင်ဖက် ကမ်းလွန်မှာ ရေလက်ကြား တခုသာခြားပြီး တည်ရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်နက် အစိတ်အပိုင်း တခုအဖြစ် အစဉ်တစိုက် သတ်မှတ်ထားပါတယ်။ ပြီးတော့ လိုအပ်လာရင် ထိုင်ဝမ်ကို စစ်အင်အားသုံး သိမ်းပိုက်မယ်လို့လည်း တရုတ်က အတိအလင်း ခြိမ်းခြောက်ထားပါတယ်။
ဧပြီ ၁၀ ရက်မှာတော့ တရုတ်က သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ဟာ ရည်မှန်းချက် ပြည့်ပြည့်ဝဝ အောင်မြင် ပြီးဆုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ တရုတ်ဟာ ဒီစစ်ရေးလေ့ကျင့်မှုမှာ Shangdong လေယာဉ်တင် သင်္ဘောကြီးကိုပါ ထိုင်ဝမ်ကျွန်းနဲ့ ကီလိုမီတာ ၃၂၀ လောက်အကွာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ကနေ ပါဝင်စေခဲ့တာ ဖြစ်ပါတယ်။ Shangdongဟာ တရုတ်ရေတပ်ရဲ့ ဒုတိယမြောက်နဲ့ ပြည်တွင်းမှာ အလုံးစုံ တပ်ဆင်တည်ဆောက်တဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်ပါတယ်။
ထိုင်ဝမ်နားမှာ တရုတ် လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်နေမှုကို တရုတ်ရဲ့ ဒေသတွင်း ပြိုင်ဘက် ဂျပန်ကလည်း အနီးကပ် လေ့လာ စောင့်ကြည့်နေခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ကလည်း ဧပြီ ၁၀ ရက်မှာ ထိုင်ဝမ်ကျွန်းရဲ့ တောင်ဖက် ကီလိုမီတာ ၁၃၀၀ လောက် အကွာက တောင်တရုတ် ပင်လယ်ပြင်မှာ ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘော USS Miliusကို ဖြတ်သန်း ခုတ်မောင်းစေခဲ့ပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင် ဧရိယာ တခုလုံးကို ပိုင်နက်အဖြစ် သိမ်းသွင်း သတ်မှတ်ထားပေမယ့် အမေရိကန်က အသိအမှတ် မပြုဘဲ ပုံမှန် ကင်းလှည့် ခုတ်မောင်းမှုတွေ၊ ပျံသန်းမှုတွေ မကြာခဏ လုပ်ဆောင်နေစေတာ ဖြစ်ပါတယ်။