ရန်ကုန်သင်္ကြန်မဏ္ဍပ်တွေ နှစ်ရက်ဆက် ပေါက်ကွဲမှုဖြစ်လို့လုံခြုံရေးအရာရှိတွေသတိပေးခံရ၊ မသင်္ကာသူ တွေကိုပစ်ခတ်ဖမ်းဆီးမယ်လို့ဆို

ဧပြီ၊ ၁၀

ရန်ကုန်တိုင်းစစ်ကောင်စီ ဗဟိုမဏ္ဍပ်နဲ့ စမ်းချောင်းမြို့နယ်ရဲစခန်းရှေ့က မဏ္ဍပ်တွေမှာ နှစ်ရက်ဆက် ဗုံးပေါက် ကွဲမှုဖြစ်ခဲ့တာကြောင့် လုံခြုံရေးတာဝန်ရှိသူတွေပြင်းပြင်းထန်ထန်သတိပေးခံရပြီး သင်္ကြန်မဏ္ဍပ်တွေအနီး မ သင်္ကာသူတွေကိုပစ်ခတ် ဖမ်းဆီးဖို့လည်းအမိန့်ထုတ်လိုက်တယ်လို့ ရန်ကုန်မြို့က ပြည်ထဲရေးဝန်ကြီးဌာန အ ကြီးတန်း အရာရှိတဦးက DNAကိုပြောပါတယ်။

“အခု အားလုံးကို Alarm လုပ်ထားတယ်။တပ်ရော၊ရဲရော ၊ဒီမှာလုံခြုံရေးယူမယ့် အားလုံးကိုပဲ၊အဲ့ဒါက ဗဟိုမဏ္ဍပ် တခုတည်းကိုပြောတာမဟုတ်ဘူးနော်၊ရန်ကုန်ဘယ်နေရာမှာဖြစ်ဖြစ် ပစ်ဖမ်းမှာ”လို့ အမည်မဖော်လိုတဲ့ အဲ့ဒီ သ တင်းရင်းမြစ်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်ဆက်တိုက် သင်္ကြန်မဏ္ဍပ်တွေအနီးပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် လုံခြုံရေးစည်းကျိုး ပေါက် တယ်ဆိုတဲ့ အချက်နဲ့အဲ့ဒီမှာ တာဝန်ကျအရာရှိတွေနဲ့ သက်ဆိုင်ရာတပ်နဲ့ရဲအရာရှိကြီးတွေကို စစ်တိုင်းမှူးက ပြင်းပြင်းထန်ထန်သတိပေးခဲ့တာလို့ ဆိုပါတယ်။ ရန်ကုန်မြို့ကပြည်သူ့ရင်ပြင်နဲ့ပြည်သူ့ဥယျာဥ်အတွင်းမှာဆောက်လုပ်ထားတဲ့ စစ်ကောင်စီရဲ့ရန်ကုန်တိုင်း ဗဟို မဏ္ဍပ်အနီးနဲ့ စမ်းချောင်းမြို့နယ်ရဲစခန်းအရှေ့က သင်္ကြန်မဏ္ဍပ်တွေမှာ ဧပြီ ၈ရက်ညပိုင်းနဲ့ မနေ့ကမနက်ပိုင်း တွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Dark Shadow (YGN UG)က အဝေးထိန်းဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗဟိုမဏ္ဍပ်မှာထောင်ထားတဲ့ဗုံးတစ်လုံးကိုတော့ အများပြည်သူထိခိုက်မှာစိုးတဲ့အတွက် စစ်ကောင်စီဘက်ကို သတင်းပေးခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က ဗုံးကိုရှာလို့မတွေ့တာကြောင့် ထပ်ပြီးလာရောက်ဖောက်ခွဲခဲ့ရတယ်လို့လည်း Dark Shadow (YGN UG)အဖွဲ့က ထုတ်ပြန်ထားပါတယ်။ဒီထုတ်ပြန်ချက်ကြောင့်လည်း စစ်ကောင်စီရဲ့ ရန်ကုန် တိုင်း စစ်တိုင်းမှူးက အခုလိုအမိန့်ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

“အဓိကပြဿနာက လုပ်တဲ့အဖွဲ့က နှစ်ကြိမ်လုပ်သွားတာ၊သူတို့ရဲ့ထုတ်ပြန်ချက်မှာလည်း သတင်းပေးတာတောင် ဒီဘက်ကတွေ့အောင်မရှာနိုင်လို့ ဖောက်ခွဲလိုက်တယ်ဆိုတာကို တိုင်းမှူးက ဒေါသူပုန်ထတာ ၊လုံခြုံရေး အရာရှိ တွေလည်းအဆဲခံရတော့ အားလုံးက မဲမဲမြင်ရာကိုလျှောက်လုပ်ကြရင် မဆိုင်တဲ့ပြည်သူတွေထိခိုက်ကုန် မှာစိုး တာ”လို့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်ကပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ သုံးသပ်ပေးဖို့ Dark Shadow (YGN UG)အဖွဲ့နဲ့ မြေအောက်တော်လှန်ရေး အဖွဲ့ တွေ ကို DNAက ဆက်သွယ်ပေမယ့် မဆက်အသွယ်မရသေးပါဘူး။

စစ်ကောင်စီက လာမယ့်သင်္ကြန်ပွဲတော်ကို တနိုင်ငံလုံးမှာ စည်ကားအောင်လုပ်မယ်လို့ကြွေးကြော်ထားပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူတွေအနေနဲ့  စစ်ကောင်စီသင်္ကြန်မှာ မပါဝင်ကြဖို့ တိုက်တွန်းထားသလို လက် ရှိအထိသင်္ကြန်မဏ္ဍပ်တွေကိုဖောက်ခွဲတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်းပြုလုပ်ထားပါတယ်။

မုံရွာမြို့ကစစ်ကောင်စီရဲ့သင်္ကြန် မဏ္ဍပ်တွေမှာတော့ စစ်ကောင်စီကကင်းပုန်းတွေချထားသလို မုံရွာမြို့ ဗဟို မဏ္ဍပ်အနီးတဝိုက်မှာ လက်နက်ကြီးတွေပါတပ်ဆင်ထားကြောင်း စုံစမ်းသိရတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကိုလီယိုက DNA ကိုပြောပါတယ်။

 “စစ်ကောင်စီကကန်သာယာပတ်ပတ်လည်ကို လက်နက်ကြီးတွေတပ်ဆင်ထားတယ်၊ လေးဘက်လေးလံလည်း ပိတ်ထားတယ်၊ပြီးတော့လေးဘက်လေးလံကိုပိတ်ထားတဲ့အတွက်အဲ့ဒီဘက်ကပြည်သူတွေသွားရလာရခက်ခဲသွားနိုင်တယ်၊တကွေ့တပတ်ကြီးသွားရမယ်၊ အစစ်အဆေးများတယ်” လို့သူကဆိုပါတယ်။

မုံရွာမြို့ မှာစစ်ကောင်စီက သင်္ကြန်ပွဲတော်ကိုစည်စည်ကားကားကျင်းပမယ်လို့ကြေညာထားသလို အနုပညာရှင် (၂၀)ဦးကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသလို တိုင်းအုပ်ချုပ်ရေးမြို့တော်မုံရွာမှာလည်းမြို့ပေါ်အထိ ပစ်ခတ် တိုက်ခိုက်မှုတွေမကြာမကြာဖြစ်နေတာပါ။

လာမယ့် သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်နေတဲ့စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေအနီးတဝိုက် မဏ္ဍပ်ကို အဝေးက ပစ်ခတ်တိုက်ခိုက်မှု မလုပ်နိုင်တဲ့ အကွာအဝေးအတွင်းအထိ ကင်းပုန်းတွေချထားတယ်လို့ ကိုလီယို ကပြောပါတယ်။

“မုံရွာကပြည်သူပြည်သွားတွေကညီပါတယ်၊သင်္ကြန်မှာဆိုလုံးဝရေမဆော့ကြဘူး၊ ဘယ်မှလဲမသွားကြဘူးပေါ့နော်၊ မနှစ်ကဆိုလဲအဲ့ဒီလိုမျိုးပဲဖြတ်သန်းကြတယ်၊ ကလေးဆော့ချင်တယ်ဆိုရင်တောင်မှရေပုံး လေးတွေနဲ့အိမ်ရှေ့ ချပြီးဆော့ခိုင်းတယ်လို့ ‘မုံရွာမြို့ခံတဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက် နှစ်သစ်ကူးကာလအဖြစ်ဖြတ်သန်းရမယ့် စစ်ကောင်စီဟာ လာမယ့် သင်္ကြန်ပွဲတော်ကို စည်ကားကြောင်းပြသနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုတင်ပြင်ဆင်နေသလို လက် အောက်ခံဝန်ထမ်းတွေကို သင်္ကြန်ပွဲဆင်နွှဲကြဖို့ ဖိအားပေးမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

မုံရွာဒေသခံတွေကတော့ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်ကို စစ်ကောင်စီလက်အောက်မှာ တာဝန် ထမ်း ဆောင်နေတဲ့ ဝန်ထမ်းတွေကလွဲလို့ ဘယ်သူမှဝင်ရောက်ဆင်နွဲကြမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

“ပြည်သူတွေဟာ ကိုဗစ်ကာလ ပြီးတော့တော်လှန်ရေးကာလ သင်္ကြန်နဲ့ တော်တော်အဆက်ပြတ် နေပြီးမွန်းကျပ် နေတာနားလည်ပါတယ်ကျွန်တော်တို့လည်းလူငယ်တွေပဲဖြစ်တာမို့ပျော်ချင်ပါတယ်၊စစ်ကောင်စီနဲ့ပတ်သတ်တဲ့နေရာတွေဟာအန္တရာယ်များတာကြောင့် ရှောင်ပြီးတော်လှန်ရေးရဲဘော်တွေနဲ့အတူရပ်တည်ပေးကြပါ”လို့ မုံရွာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။