မုံရွာမြို့ကလုပ်ငန်းရှင်တဦးကို ရဲဝတ်စုံဝတ်ထားသူတွေက ပြန်ပေးဆွဲ၊PDFနဲ့ စစ်အုပ်စုအပြန်အလှန်စွပ်စွဲ

ဧပြီ၊ ၁၀

စစ်ကိုင်းတိုင်း၊မုံရွာမြို့က ဆီစက်ပိုင်ရှင် အမျိုးသမီးတဦးကို ရဲဝတ်စုံဝတ်ထားသူတွေက ပြန်ပေးဆွဲမှု မနေ့က ဖြစ် ခဲ့ပြီး ဒါဟာ PDF တွေက ရဲအယောင်ဆောင်ဖမ်းဆီးတာလို့ စစ်အုပ်စုထောက်ခံသူတွေက သတင်းဖြန့် ကြသလို ဒေသခံPDF တွေကလည်း စစ်အုပ်စုက PDFတွေကိုလူထုအထင်လွဲအောင် လုပ်တာလို့ တုံ့ပြန် ပါတယ်။

မုံရွာမြို့၊အလယ်ရပ်။ပွဲစားတန်းလမ်း အရှေ့ခြမ်းမှာရှိတဲ့ “စိန်”ဆီစက်ပိုင်ရှင် ဒေါ်မီမီလွင်ဟာ ဧပြီ ၉ရက် မနက် ပိုင်းက နေအိမ်မှာရှိနေချိန် ရဲယူနီဖောင်းဝတ်ထားသူလေးဦးကဖမ်းခေါ်သွားပြီး ပြန်ပေးဆွဲခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်အုပ်စုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေနဲ့ လူမှုကွန်ရက်တွေမှာ လက်နက် ကိုင်ရဲယူနီဖောင်းဝတ်ထားတဲ့ PDF တွေက ငွေကြေးရလိုတာကြောင့် ပြန်ပေးဆွဲသွားတာလို့ ဖော်ပြပါတယ်။

ဒါပေမယ့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ခေါင်းဆောင် ကိုလီယိုကတော့ ဒေသတွင်းကာကွယ်ရေးတပ် ဖွဲ့ တွေက အခုလို လုပ်ရပ်မျိုးလုပ်တာမရှိသလို အထောက်အထားတွေအရ စစ်အုပ်စုဘက်က လုပ်တာဖြစ်တယ် လို့ တုံ့ပြန်ပြောဆိုပါတယ်။

“ကျွန်တော်တို့နောက်ဆုံးကြားတာတော့သိန်းနှစ်ထောင်နဲ့ပြန်လွတ်လာတယ်လို့တော့ကြားတာပဲ၊ ဘယ်အဖွဲ့က ပြန်ပေးဆွဲတယ်ဆိုတာကိုတော့လိုက်စုံစမ်းနေပါတယ်၊ဘက်တံဆိပ်တွေနဲ့ ယူနီဖောင်းဝတ်ထားတာဆိုတော့ စစ် ကောင်စီဘက်ကလို့ပြောလို့ရမယ်”လို့ သူကဆိုပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အတွင်းမှာ အလားတူ ပြန်ပေးဆွဲမှုတွေလုပ်ကာ PDF တွေကလုပ်တာလို့ ပုံဖျက်သတင်း လွှင့်မှုတွေလုပ်လေ့ရှိပြီး ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းမိထားသူတွေကို စစ်ဆေးဖော်ထုတ်ချက်တွေအရ ဝန်ခံ ချက်တွေလည်း ရှိတယ်လို့ ကိုလီယိုကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ “စိန်”ဆီဆက်ပိုင်ရှင်ဒေါ်မီမီလွင်ဟာ နေအိမ်ကိုပြန်ရောက်ပြီလို့ဒေသခံတွေကပြောကြပေမယ့် DNA အနေနဲ့ဒေါ်မီမီလွင်ကိုဆက်သွယ်လို့မရသေးသလို ငွေကျပ်သိန်းနှစ်ထောင်ပေးပြီး ပြန်လွတ်လာတယ် ဆိုတာကို လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

“သူတို့လာသွားတာက ယူနီဖောင်းကိုမှဘက်တံဆိပ်တွေပါတယ် စစ်ကောင်စီဘက်ကလူတွေအသုံးများတဲ့ ကား အဖြူလေးနဲ့လာတာ၊ အရင်ကအဲ့ဆိုင်ကိုကလေးတွေ(PDFတွေ)က စစ်တပ်နဲ့ပတ်သတ်တဲ့ဘီယာရောင်းလို့ ဆို အသံဗုံးထုဘူးတယ်၊အဲ့ဒါကြောင့် ပုံဖျက်ချင်လို့ခေါ်သွားတာဖြစ်မယ်”လို့ မုံရွာမြို့ အလယ်ရပ်ကွက်မှာနေထိုင်သူ တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမုံရွာမြို့အလယ်ရပ်ကွက်ထဲကဒေါ်ခင်မိစတိုးဆိုင်ကို ဝင်ရောက်ဓား ပြတိုက်တဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့ရာမှာ ဆိုင်ရှင်နဲ့ဝန်ထမ်းတွေက ခုခံတိုက်ခိုက်တာကြောင့် ဓားပြတိုက်သူတွေဟာ သူတို့စီးလာတဲ့ ဆိုင်ကယ် ကိုပါထားခဲ့ပြီးထွက်ပြေးသွားခဲ့ကြပါတယ်။

ဓားပြတိုက်သူထွက်ပြေးသွားပြီး(၁၅)မိနစ်အကြာမှာ ကျန်ခဲ့တဲ့ဆိုင်ကယ်အရောင်နဲ့နံပါတ်အတိအကျကို စစ် ကောင်စီက စစ်ကားနဲ့လာရောက်ရွေးချယ်သယ်ယူသွားခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုဖြစ်စဉ်တွေလည်းရှိ နေ တာကြောင့် မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်နေသူတွေဟာ စစ်အုပ်စုနဲ့ပတ်သက်သူတွေလို့မြို့ခံတွေက ထောက်ပြ ကြပါတယ်။

မုံရွာမြို့တွင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ ပြန်ပေးဆွဲမှုပေါင်း ၂၀ကျော်ဖြစ်ခဲ့ပြီး အဲ့ဒီ အထဲကခြောက်မှုကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်မုံရွာမြို့နယ် ပလဖ အဖွဲ့ စတင်ဖွဲ့စည်းချိန်ကနေစတင်ပြီး ဒီကနေ့အချိန်ထိ ဆယ်လအတွင်း ဒုစရိုက်မှုကျူးလွန်သူ (၅၀)ဦး ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းအရေးယူထားတယ်လို့လည်း အဖွဲ့ခေါင်းဆောင် ကိုလီယိုက ပြောပါတယ်။

“ပြန်ပေးဆွဲမှုထဲမှာဘာတွေတွေ့လာရလဲဆိုတော့စစ်ကောင်စီရဲ့လက်ပါးစေတွေရှိတယ်၊သူတို့ကဘယ်လိုပုံစံမျိုး တွေနဲ့သွားနေလဲဆိုတော့ PDF အယောင်ဆောင်ပြီးနာမည်ဖျက်တာ၊ကျွန်တော်တို့ပလဖPage မှာ ဖမ်းမိထားသူ တွေကို ဖော်ထုပ်ထားတဲ့သက်သေတွေရှိပါတယ်” လို့သူကဆိုပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ အခုနှစ်ဩဂုတ်လကနေ ဇန်နဝါရီလကုန်အထိ ခြောက်လအတွင်း မှုခင်းဖြစ်ရပ် သုံးရာ ဖြစ်ခဲ့ပြီး ဒီအထဲမှာ ဓားပြမှု (၂၁)မှုအထိပါဝင်တယ်လို့ ဥပဒေရေးရာနဲ့ အမျိုးသမီးတွေအကြမ်းဖက်ခံ ရမှုတွေ ကိုကူညီပေးနေတဲ့ ပဥ္စမမဏ္ဍိုင်အဖွဲ့ကစောင့်ကြည့်မှတ်တမ်းတင်ထားတဲ့အချက်အလက်တွေအရသိရပါတယ်။

 စစ်ကောင်စီက နိုင်ငံတဝန်း မြို့နယ် (၄၇)ခုကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားရာမှာ စစ်ကိုင်းတိုင်းက (၁၄)မြို့နယ် ပါဝင်ပေမယ့် စစ်ကိုင်းတိုင်းရဲ့အုပ်ချုပ်ရေးမြို့တော်မုံရွာမပါဝင်သလို မုံရွာမြို့တွင်းမှာဖြစ်တဲ့ ဓားပြမှု၊လုယက် မှုအများစုကိုလည်း စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းမိတာမရှိပါဘူး။