ဖလမ်းမြို့နယ်၊ဝေဘူလမြို့ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူရှစ်ဦးအထိရှိလာ ၊ရှာဖွေကယ်ဆယ်ရေးဆက်လုပ်နေ

 

ဧပြီ၊ ၁၀

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ဝေဘူလမြို့ကို စစ်ကောင်စီက ဒီကနေ့  မနက် ၁၁ နာရီဝန်းကျင်မှာ ဗုံးကြဲ တိုက် ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ရှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေကိုဆက်လက် ရှာဖွေ ကုသနေ ဆဲဖြစ်တယ်လို့ ဒေသခံစစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကလေးနည်းပညာတက္ကသိုလ် CDM ကထိက ဌာနမှူး ဒေါ်ရတီအုန်းကDNAကို ပြောပါတယ်။

” လက်ရှိအချိန်ထိတော့ရှစ်ယောက်ပေါ့နော်၊ခုနစ်ယောက်ကတော့ အစကတည်းကကျွန်မတို့ Deadbody (အလောင်း) အဖြစ်တွေ့တယ်၊ နောက်အမျိုးသမီးငယ်တယောက်ကတော့ ကုသမှု ခံယူဖို့ကြိုးစားနေ စဥ် မှာပဲကွယ်လွန်သွားတယ်၊ထိခိုက်ဒဏ်ရာရတဲ့သူအရေအတွက်က ပြောလို့မရသေးဘူး၊ခုထိရှာတုန်းပေါ့” လို့ ကလေးဒေသနဲ့ ချင်းပြည်နယ် အစပ်မှာ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ဒေါ်ရတီအုန်းကပြောပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင် ကျောင်းအနီးဝန်းကျင်မှာ လေယာဉ်ပေါ်ကကြဲချတဲ့ဗုံးတွေ ကျရောက်ပေါက်ကွဲလို့ ကျောင်းအုပ်ဆရာကြီးရဲ့မိသား စုဝင်သုံးဦးပါ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ NUG ရဲ့ကြားကာလပညာရေးကျောင်းအဖြစ်ဖွင့်လှစ် ထားတဲ့ကျောင်း ဖြစ်ပြီး လက်ရှိအချိန်မှာကျောင်းပိတ်ထားတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီက ဗုံးကြဲလို့ ကျရောက် ပေါက်ကွဲသံတွေကို ကလေးမြို့နယ်တောင်ပိုင်းကျေးရွာတွေကပါ ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖလမ်းမြို့နယ် ဝေဘူလမြို့ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ကလေးမြို့နယ်တောင်ပိုင်းနဲ့ နီးစပ်တဲ့ဒေသ တခုဖြစ်ပြီး ကလေးတောင်ပိုင်းက နတ်ချောင်းရွာနဲ့ မျဉ်းဖြောင့် ၈မိုင်လောက်သာဝေးပါတယ်။

စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို နေအိမ်အ ဆောက်အဦးတွေနဲ့ ဆိုင်ကယ်တွေအပါအဝင် အသုံးအဆောင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာ ဖလမ်းမြို့နယ်၊ ဗာရ်းရွာအနီးက စစ်ကောင်စီစခန်းကို ဒေသခံချင်းအမျိုးသားကာကွယ် ရေး တပ်ဖွဲ့ဝင်CNDF က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာ CNDF ရဲဘော်တဦး ကျဆုံးပြီး ဗားရ်ရွာဥက္ကဌလည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ဖလမ်းမြို့နယ် ဗားရ်ရွာဝန်းကျင်ကိုစစ်ကောင်စီက မနက်ကိုးနာရီမှာဗုံးကြဲခဲ့ပြီး ၁၁ နာရီဝန်း ကျင်မှာ ဝေဘူလမြို့ကိုဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ဒါ့အပြင် ညနေ သုံးနာရီခွဲမှာ ဟားခါးနဲ့ ထန်တလန် ကြားကရွာတရွာကိုလည်း စစ်ကောင်စီကဗုံးကြတိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသတွင်းသတင်းရင်း မြစ်တွေ ဆီ ကသိရပါတယ်။