ဖလမ်းမြို့နယ် ဗာရ်းရွာကစစ်ကောင်စီစခန်း စီးနင်းတိုက်ခိုက်ခံရ၊ စစ်အုပ်စုက လေကြောင်းကဗုံးကြဲ

ဧပြီ၊ ၁၀
 
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်ဘေးက ဗားရ်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၆၈)လက်အောက်ခံတပ်စခန်းကို ဧပြီ ၁၀ ရက် ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ် CNDF က စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုကလည်း လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
” မနက်ကဖြစ်တာ ကြားရတယ်၊ မြို့ကနေ စစ်သားတွေလည်း ဗားရ်ဘက်ကို ဆင်းသွားကြတယ်၊ လေယာဥ်ကနေ ကြဲချတာ တော်တော်ကျယ်တယ် တမြို့လုံးကြားရတယ် ” လို့ ဖလမ်းမြို့ခံတဦးက ပြောပါတယ်။
 
ဗားရ်းရွာတိုက်ပွဲမှာ CNDF က စခန်းကိုမီးရှို့ဖျက်ဆီးပြီး လက်နက်တချို့ သိမ်းယူသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
 
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများပြီး CNDFဘက်ကတော့ တဦးကျဆုံးကာ လက်နက်တချို့ သိမ်းယူနိုင်ခဲ့တယ်လို့ CNDF တာဝန်ရှိသူတဦးက ဒေသတွင်း ချင်းမီဒီယာ The Rihli Voice ကို ပြောထားပါတယ်။
 
အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှု အခြေအနေတွေကို DNA က ဆက်လက်စုံစမ်းမေးမြန်းနေပါတယ်။
 
ဗားရ်ရွာဟာ ဖလမ်းမြို့ရဲ့မြောက်ဘက် ၁၁ မိုင်ဝန်းကျင်အကွာမှာရှိပြီး ဖလမ်းလမ်းမကြီးပေါ်၊ မဏိပူရမြစ်ကမ်းဘေးက ရွာငယ်တခုဖြစ်သလို ရွာအနီးမှာ မဏိပူရမြစ်ကူးတံတားတစင်းလည်း ရှိပါတယ်။
 
ဖလမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကတည်းကစလို့ တိုက်ပွဲတွေဖြစ်နေတာလို့ သိရပါတယ်။
 
ဖလမ်းမြို့ကနေ ဟားခါးဘက် မတ်လ ၂၁ ရက်မှာ စတင်ထွက်ခွာခဲ့တဲ စစ်ကောင်စီယာဥ်တန်းကို ဒေသခံကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ အထိနာပြီး ယာဥ်တန်းထဲက ဆယ့်နှစ်ဘီးကားတစီးနဲ့ ခြောက်ဘီးကားတစီးကို ဒေသခံကွယ်ရေးတပ်တွေက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
 
အထိနာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဟားခါးနဲ့ ဖလမ်းကြားက တလန်ဇာရ်ကျေးရွာနဲ့ ရမ်ထလိုကျေးရွာက လူနေအိမ် ၂၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – Google Earth