ဧပြီ၊ ၁၀
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ မနေ့က တရက်တည်း စစ်ကောင်စီရဲကင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်တခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF)တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
“ ကျွန်တော်တို့က စနိုက်ပါနဲ့ လှမ်းပစ်တာပဲ လေးယောက်လောက်ကျတယ်၊ တိုက်ပွဲတခုလုံးအနေနဲ့က ၇ ယောက်လောက်ရှိတယ်၊ သူတို့ဘက်က ကျဆုံးတာ၊ နောက်တခုက (စစ်ဆေးရေးဂိတ်)ကို သွားပစ်တာ ကျွန်တော်တို့ အဖွဲ့ထဲက ပါတယ်။ သူတို့ကို ပြန်မေးကြည့်တော့ လေးယောက်လောက်ကျတယ် ” လို့ ၎င်းက ပြောပါတယ်။ စစ်ကောင်စီတပ် အသေအပျောက်နဲ့ပတ်သက်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ထားဝယ်မြို့အနီးက ပကာရီကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းကို ဧပြီ ၉ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်လောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီနေ့ နံနက် ၉ နာရီကျော်ခန့်မှာပဲ ထားဝယ်-ရေး ကားလမ်းမဘေး မောင်မယ်ရှောင်ရွာအနီးက စစ်ကောင်စီရဲ့ ဘုရားမဲ စစ်ဆေးရေးဂိတ်ကိုလည်း ကော်သူလေး တပ်မတော် (KTLA)တပ်ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပစ်ခတ်မှုဟာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန်အသုံးပြုကာ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သံမဏိပျောက်ကြားတပ်ဖွဲ့ နဘယံမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ ကျွန်တော်တို့ ၁၀ နာရီလောက်မှာ ပကာရီရဲစခန်းကို ဝင်တယ်၊ အဲဒီစခန်းမှာ သူတို့အင်အား ၂၀ အထက်မှာ ရှိတယ်၊ စနိုက်ပါနဲ့ပစ်တယ်၊ ၄၀ မမတွေနဲ့ ၆၀ မမတွေနဲ့ ပစ်တာာပေါ့နော်။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ လက်နက်ကြီးတွေနဲ့ တိုက်ပွဲက တော်တော်လေးပြင်းထန်ခဲ့တာ၊ ညနေ ၄ နာရီအထိ ဖြစ်သွားတယ်။ နောက်တခုက ကျွန်တော်တို့အဖွဲ့လည်း ပါတယ်၊ ကော်သူလေးအာမီ နဲ့ ပေါင်းပြီးတော့ မောင်မယ်ရှောင်ကျေးရွာအနီး ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင်ချတယ်၊ နေ့လည်ပိုင်းအချိန်ထိပဲ ပစ်ခတ်မှု ဖြစ်သွားတယ်။ ထိခိုက်မှုတော့ ရှိတယ်၊ တိုက်ပွဲနှစ်ခုလုံးမှာပေါ့နော် ” လို့ ၎င်းက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တပ်ဖွဲ့ဝင်တချို့ကတော့ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်က ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ ပကာရီရွာက ရွာကြီးပဲ၊ အိမ်ခြေက သုံးထောင်လောက်ရှိတယ်၊ သူတို့တွေဘက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာပေါ့၊ ဟိုလေ.. သပြေချောင်းဘက်က ၁၂၀ မမနဲ့ လှမ်းပစ်တာလည်း ရှိတယ်။ အများကြီးပဲ ပစ်တာလေ၊ မနေ့က တိုက်ပွဲပြီးတဲ့အချိန်လည်း ပစ်တာပေါ့၊ အခုကျွန်မတို့ စစ်ရှောင်တွေက ရာနဲ့ချီ ရှိတာပေါ့၊ ပြေးနေရတဲ့သူတွေကလည်း အားလုံးပေါင်းရင်၊ အရင်ကတည်းက ပြေးတဲ့လူတွေနဲ့ ပေါင်းရင်တော့ အများကြီးပါ။ မနေ့ကလည်း လက်နက်ကြီးပစ်တာ၊ တချို့လူတွေ ဒဏ်ရာရတာရှိတယ်လို့ ကြားတယ်၊ ဘယ်သူလည်း ဆိုတာတော့ မသိရဘူး၊ ကြားပဲ ကြားရတာ၊ ကျွန်မတို့လည်း ပြေးနေရတာပေါ့ ” ဟု ၎င်းက ပြောပါတယ်။
တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေက ဘုန်းတော်ကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေမှာ အဓိက တိမ်းရှောင်နေကြရပြီး သူတို့အတွက် နေထိုင်စားသောက်ဖို့အတွက် အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ရေကြောင်းကနေတဆင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေဘက်ကို စစ်အင်အားဖြည့်တင်းမှုတွေလည်း လုပ်ဆောင်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆိုပါတယ်။
ထားဝယ်မြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ ပကာရီရဲကင်းစခန်းကဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က မကြာခဏဝင်ရောက် တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း ကော်သူလေးတပ်မတော် (KTLA)တပ်ဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ PDF တဦး ကျဆုံးခဲ့ကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲနောက်မှာ ပကာရီရဲကင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများချထားပြီး ဘန်ကာ၊ ကတုတ်ကျင်းတွေ တူးဖော်ထားပြီး လက်နက်ကြီးတချို့လည်း တပ်ဆင်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆိုပါတယ်။