ဧပြီ၊ ၁၀
လီဗာပူး နောက်ခံလူ အန်ဒရူး ရောဘတ်ဆန်ကို ဒိုင်လူကြီးက တံတောင်နဲ့ တွတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများ အဖွဲ့ချုပ် (PGMOL)က ကြေညာခဲ့ပါတယ်။
လီဗာပူးရဲ့ အန်းဖီးလ်ကွင်းမှာ အာဆင်နယ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ပထမပိုင်း အပြီးမှာ စကော့တလန် ဘယ်နောက်ခံလူ ရောဘတ်ဆန်ဟာ စည်းကြပ်ဒိုင် ကွန်စတန်တင်း ဟတ်ဇီဒါကစ္စနား ချဉ်းကပ်ပြီး ကန့်ကွက်ဝေဖန်ခဲ့ဟန် တွေ့ရပါတယ်။
အဲဒီအချိန်မှာ ဟတ်ဇီဒါကစ္စရဲ့ လက်က မြောက်တက်သွားပြီး ရောဘတ်ဆန်ရဲ့ ပါးကို တံတောင်နဲ့ တွတ်သလို ဖြစ်သွားတာကို ရုပ်မြင်သံကြား အနှေးပြကွက်တွေအရ တွေ့ရပါတယ်။ ဗီဒီယို မှတ်တမ်းတွေ အရတော့ စည်းကြပ်ဒိုင်ရဲ့ လက်ဟာ ရောဘတ်ဆန်ကို မတော်တဆ ထိခိုက်သွားတယ်လို့ ယူဆဖို့ ခက်ခဲတဲ့ အနေအထားမျိုး ရှိနေပါတယ်။
ဒီဖြစ်ရပ်နဲ့အတူ အသက် ၂၉ နှစ်အရွယ် ရောဘတ်ဆန်ဟာ တခြား အသင်းဖော် တချို့နဲ့အတူ ကွင်းလယ်ဒိုင် ပေါလ် တီယာနေးကို ဒေါသတကြီး တိုင်ကြား ကန့်ကွက်ခဲ့ပေမယ့် တီယာနေးက ရောဘတ်ဆန်ကိုပဲ အဝါကတ်ပြား ပြသ သတိပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း တဦးဖြစ်တဲ့ ခရစ္စ ဆက်တန်ကတော့ အခုဖြစ်စဉ်မှာ စည်းကြပ်ဒိုင်ကို မဖြစ်မနေ အပြစ်ပေး အရေးယူသင့်တယ်လို့ ပြောပါတယ်။ အခြေအတင် ပြောဆိုမှုတွေက ဘယ်လို ရှိခဲ့တယ်ဆိုတာ မသိပေမယ့် မြင်တွေ့ရတဲ့ လုပ်ရပ်အရတော့ ဟာဇီဒါကစ္စဟာ သေချာပေါက် ပွဲပယ်ခံထိုက်ကြောင်း ဆက်တန်က ဝေဖန်သွားပါတယ်။
Sky Sports သတင်းဌာနရဲ့ အားကစား အစီအစဉ်မှူး ရွိုင်ကိန်းကလည်း စည်းကြပ်ဒိုင်ဟာ ကလေးဆိုးကြီး တယောက်လို မရင့်ကျက်တဲ့ ပုံစံမျိုးနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
အခုအခါမှာတော့ PGMOLက လီဗာပူး-အာဆင်နယ် ပွဲစဉ်က အငြင်းပွားစရာ ဖြစ်စဉ်ကို အသေးစိတ် ပြန်လည် သုံးသပ်ပြီး ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အခုပွဲစဉ်ဟာ အကြိတ်အနယ် ပွဲကောင်းတပွဲ ဖြစ်ခဲ့သလို နှစ်ဖက် အသင်းသားတွေကြားမှာလည်း အခြေအတင် ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ လီဗာပူးဟာ ပထမပိုင်းမှာ ၂ ဂိုး အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်ဆီက သရေ ၁ မှတ် ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
Ref: BBC