မွန်ပြည်နယ်က သင်္ကြန်မဏ္ဍပ်တွေမှာလုံခြုံရေးယူပေးဖို့ ပျူစောထီးတွေကို တရက်ငါးသောင်းနဲ့ခေါ်နေ

ဧပြီ၊ ၉

မွန်ပြည်နယ်အတွင်းက သင်္ကြန်မဏ္ဍပ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ လုံခြုံရေးယူပေးဖို့ တစ်ရက် ငါးသောင်းကျပ်ပေးပြီး ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့တွေ လိုက်လံစည်းရုံးနေတယ်လို့ DNA က စုံစမ်းသိရှိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အခုနှစ်မှာ ကျရောက်မယ့် အတာသင်္ကြန်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ အတွက်ဆိုပြီး မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ သင်္ကြန်မဏ္ဍပ်တွေကို စတင်ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

ဒီလို သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လက်စအချိန်နဲ့ သင်္ကြန်ကာလအတွင်း မဏ္ဍပ်တွေကို လုံခြုံရေးယူဖို့နဲ့ မြို့နယ်အတွင်း က လူစည်းကားတဲ့နေရာတွေကို လုံခြုံရေးယူပေးဖို့နဲ့ စောင့်ကြည့်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့ တွေကို စစ်ကောင်စီက ငွေကြေးတွေနဲ့ မက်လုံပေးပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ နီးစပ်သူတစ်ဦး DNA ကို ပြောပါတယ်။

 “လုံခြုံရေးကိစ္စအတွက် ပြောပြီး အခုဆိုရင် ဒီသင်္ကြန်မှာလေ မဏ္ဍပ်တွေ ဆောက်နေပြီး၊ အဲဒါကို ဖောက်ခွဲခံထိမှာ စိုးလို့ ကိစ္စအတွက်ရယ်၊ သင်္ကြန်ကာလ ၅ ရက်အတွင်းမှာ လူစည်းကားတဲ့နေရာတွေကို စောင့်ကြည့်တာတွေ၊ ညဘက် လုံခြုံရေး ယူဖို့အတွက်ပါ။ အဲဒါလွန်ခဲ့တဲ့ ရက်ပိုင်းက လာပြောပါတယ်။ အဖေက စစ်မှုထမ်းဟောင်းပါ၊ သူတယောက်ထဲမဟုတ်ဘူး၊ တခြား လူတွေလည်း ပါတယ်။ ဥပမာ- ပြည်သူ့စစ်၊ ပျူစောထီးတွေလည်း ပါတယ်။ ၃ ရက်ရှိပြီး အဲလိုလာပြောတာ။ သူတို့ပြောတာက တကယ်လို့များ ကိုယ့်မြို့နယ်မှာ သင်္ကြန်မဏ္ဍပ်(မြို့နယ်ဗဟိုအဆင့်)မရှိဘူးဆိုရင်၊ တခြားမြို့နယ်တွေမှာ သွားစောင့်ပေးရမယ်။ စစ်သား၊ ရဲတွေနဲ့အတူပါစောင့်ရမယ်၊ အဓိက ညပိုင်းနဲ့ သင်္ကြန်ရက်တွေထဲမှာ စောင့်ပေးရမယ်’’ လို့ဆိုပါတယ်။

အဲဒီလို လုံခြုံရေးယူပေးရာမှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတွေနဲ့အတူ စောင့်ကြည့်ရမှာ ဖြစ်ပြီး၊ တရက်ကို စားသောက်ဖို့ အပါအဝင် တစ်ဦးကို ငွေကျပ် ၅ သောင်းထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ စာရင်းပေးထားတဲ့သူတွေဟာ မြို့နယ်တစ်ခုကို ၁၀ ဦးထက်မနည်း ရှိတယ်လို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ 

“ဒီဟာက အတင်းအကြပ်မဟုတ်ဘူး။  အဲလိုလာစောင့်ပေးရင် ပိုက်ဆံပေးမယ်၊ ပိုက်ဆံလိုချင်ရင်တော့ စောင့်ပေါ့၊ သွားပေါ့၊ လူကတော့ မြို့နယ်တစ်ခုကို ၁၀ ဦးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ဘူး၊ တကယ်လို့ လိုအပ်ရင်တော့ ထပ်ခေါ်မယ်လို့ ပြောတယ်’’ လို့အဆိုပါအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူကဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက မော်လမြိုင်မြို့ (ပြည်နယ်အဆင့်ဗဟိုမဏ္ဍပ်)နဲ့ မော်လမြိုင်ကမ်းနားတစ်လျှောက်မှာ ရေကစားမဏ္ဍပ်အကြီး ၁၀ ခုထက်မနည်း ဆောက်လုပ်နေပြီး အဲဒီမဏ္ဍပ်တွေမှာ DJ , နိုင်ငံကျော်တေးသံရှင်များကိုလည်း ငှားရမ်းထားသလို ကမ်းနားမှာရှိတဲ့ ရာမညသဲသောင်ပြင်ကွင်းမှာ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်တွေကို စည်းစည်းကားကား ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မော်လမြိုင်မြို့အတွင်းက စစ်ကောင်စီဆောက်လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေရဲ့ အနီးပတ်ဝန်းကျင်တွေမှာ လျှို့ဝှက်(CCTV)ကင်မရာတွေကိုလည်း နေရာအနှံ့မှာ တပ်ဆင်ထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

“ အခုက ကမ်းနားလမ်းတလျှောက်မှာ တော်တော်တပ်ဆင်ထားတယ်။ ဗဟိုမဏ္ဍပ်နားမှာလည်း ရှိတယ်။  ရာမညကွင်းပြင်က ဖျော်ဖြေရေးမဏ္ဍပ်တွေကအစပေါ့၊ အများကြီးပါပဲ၊ တခြားမြို့နယ်က ဗဟိုမဏ္ဍပ်တွေမှာလည်း တပ်ဖို့ ညွှန်ထားတယ်။ အဓိက တစ်ခုခုဖြစ်ခဲ့ရင် နောက်ယောင်ခံလိုက်ဖို့ အဆင်ပြေစေဖို့အတွက်’’ လို့ဆိုပါတယ်။

ဒီလို သင်္ကြန်ကာလအတွင်းမှာ မသင်္ကာတဲ့သူတွေကို ချက်ချင်းစောင့်ကြည့်ဖမ်းဆီးနိုင်ဖို့အတွက် CCTV ကင်မရာကနေ သေချာစောင့်ကြည့်ဖို့ အစိုးရဝန်ထမ်းတချို့ကို အလှည့်ကျတာဝန်ပေးထားတယ်လို့ လည်းဆက်သိရပါတယ်။

လက်ရှိ မွန်ပြည်နယ်မှာ စစ်ကောင်စီဆောက်လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ ဖောက်ခွဲခံရတဲ့ ဖြစ်စဉ်မျိုးတွေ မရှိသေးပါဘူး။ 

ဒါပေမယ့်  ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်သူ့ရင်နဲ့ ပြည်သူ့ဥယျာဉ်မှာ ဆောက်လုပ်ထားတဲ့ ရန်ကုန်တိုင်းမဟိုဏ္ဍပ်အနီးမှာ ဒီကနေ့ မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ဧပြီ ၈ ရက် ညနေပိုင်းကလည်း ရန်ကုန်တိုင်းအစိုးရဗဟိုဏ္ဍပ်နဲ့ စမ်းချောင်းရဲစခန်းရှေ့က သင်္ကြန်မဏ္ဍပ်တွေမှာ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက DNA ကို ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ အခုနှစ်  မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပမယ်လို့ ပြောဆိုထားပြီး ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်နေသလို တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီကျင်းပမယ့် ကျင်းပမယ့်သင်္ကြန်ပွဲတော်မှာ ပူးပေါင်းပါဝင်တာမျိုးမလုပ်ဘဲ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲကြဖို့ တိုက်တွန်းထားပါတယ်။