ဧပြီ၊ ၉
စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နဲ့ စစ်ကိုင်းမြို့အစပ်မှာရှိတဲ့ တလိုင်းကျေးရွာကို စစ်အုပ်စုက မနေ့က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာဆေးပေးခန်းရှိ ဆေးဝါးတွေနဲ့ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အဲဒီဒေသခံတွေကပြောပါတယ်။
အဲဒီ ကျေးရွာကို စစ်အုပ်စုက ဧပြီလ ၈ရက်မနေ့က မနက်ပိုင်းက စစ်အုပ်စုက လေကြောင်းကတဆင့် ပစ်ခတ်တိုက်ခိုက်သလို လေကြောင်းကနေ စစ်အင်အားချ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
” မနေ့က အုတ်ဘိုရွာနဲ့ တလိုင်းရွာကို နှစ်နေရာပစ်တာလေ။ အုတ်ဘိုရွာမှာတော့ လူချတယ်။မီးရှို့မသွားဘူး ။တလိုင်းမှာကျတော့ ပြည်သူ ၅ ဦးထိတယ် ။အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးပေါ့နော်။ အိမ် ၈ လုံးကိုလည်း မီးရှို့သွားတယ် ။နောက်ပြီး ဆေးခန်းမှာရှိတဲ့ ဆေးဝါးတွေကိုမီးရှို့သွားတယ်။ဆေခန်းက ရဲဘော်တွေကော ဒေသခံတွေကုပေးနေတဲ့ဆေးခန်းပါ။ စာသင်ကျောင်းကလည်း လေယာဉ်နဲ့ပစ်တော့ အပေါက်တွေဖြစ်သွားတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။
စစ်အုပ်စုက မနေ့ကတုန်းက စစ်ကိုင်းနဲ့ ဝက်လက်ကြားမှာရှိတဲ့ အုတ်ဖို၊ တလိုင်း၊ ချောင်းဦးစတဲ့ ကျေးရွာတွေကို တိုက်ခိုက်ရေး ရဟတ်ယာဉ် MI 35 ကိုအသုံးပြုပြီး နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ပို့ဆောင်ရေးရဟတ်ယာဉ် MI 17 ကိုအသုံးပြုပြီး ရွှေဘိုက စစ်ကောင်စီတပ်တွေကို ပို့ဆောင်ပေးခဲ့တာပါ။
အုတ်ဖိုရွာဝင်ရောက်စီးနင်းခံရစဉ် ကာကွယ်ရေးအဖွဲ့တွေ အသုံးပြုတဲ့ ယူနီဖောင်းနဲ့ ဖိနပ်တချို့ အပါအဝင် ယမ်းတချို့သာ ဆုံးရှူံးခဲ့ရပြီး မောင်းမြန်လက်နက်တွေ ဆုံးရှုံးခဲ့တာမရှိဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုကြပါတယ်။
မနေ့က စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်အုပ်ဖက်က ထိခိုက်တာတွေရှိနိုင်တယ်လို့ စစ်ကိုင်းမြို့ အခြေစိုက် ရဲဘော် ပလူကပြောပါတယ်။
“စစ်ကြောင်းထွက်သွားချိန် အုတ်ဘိုရွာထဲရှင်းလင်းရေး ဝင်လုပ်တော့ သွေးကွက်တွေ ၊ဆေးအိတ်၊နောက် ပတ်တီးတွေဘာညာတွေ့တာပေါ့။ သူတို့ဖက်ကလည်း ထိခိုက်တာတွေရှိနိုင်ပါတယ်။ ကျနော်တို့ ရဲဘော်တွေကတော့ ထိခိုက်တာတွေမရှိခဲ့ဘူး ” လို့ သူကပြောပါတယ်။
လက်ရှိမှာ အဲဒီစစ်ကြောင်းက ဧရာဝတီမြစ်အရှေ့ဖက်ကမ်းရှိ မတ္တရာမြို့ဖက်သို့ ထွက်ခွာသွားတာရှိသလို စစ်ကိုင်းတပ်မ ၃၃ ကနေတဆင့် စစ်ကောင်စီအဖွဲ့တွေကို ရွှေဘိုဖက်ကို ပြန်ပို့တာတွေလုပ်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေကဆိုကြပါတယ်။
” လူချတဲ့ MI 17 နှစ်စီးက မနေ့က စစ်ကိုင်း တပ်မ ၃၃ ထဲဆင်းသွားတယ်လေ ။ဒီနေ့ ရွှေဘိုဖက်ကို နှစ်ခေါက်သွားတာတွေ့တယ်။ မနေ့ကကောင်တွေ ပြန်ပို့တာလည်းဖြစ်နိုင်တယ် ။သေချာတော့မပြောနိုင်ဘူး စစ်တပ်ကဉာဏ်များတယ်လေ ။ဒီနေ့တော့တိုက်ပွဲမရှိတော့ပါဘူး ” လို့ တော်လှန်ရေး ရဲဘော်တဦးကပြောပါတယ်။
စစ်ကောင်စီဟာ အခုလအတွင်း စစ်ကိုင်းတိုင်းမှာ လေကြောင်းကနေ စီးနင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့စခန်းနှစ်ခုကို လေကြောင်းကနေ စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။
အဲ့ဒီဖြစ်စဉ်တွေအတွင်း ပုလဲနယ်အခြေစိုက် M7 PDF တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ပြီး မြိုင်မြို့နယ်ထဲက PDF စခန်းတခု စီးနင်းခံရမှုမှာလည်း ကာကွယ်ရေးဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။