ဧပြီ၊ ၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ ဧပြီ ၉ ရက်ဒီကမနက် ၅ နာရီဝန်းကျင်ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အရပ်သားဆယ်ဦးဝန်းကျင်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” မနက်က တိုက်ကြတာ။ လယ်တောထဲကလူတွေတောင် နီးစပ်ရာ ပြေးပုန်းနေရတယ်။ (အဖမ်းခံရတာ) ရွာက လူငယ်တွေအပါအဝင် ဆယ်ဦးဝန်းကျင်လောက် ရှိတယ်။ ကျနော်တို့လည်း ပြေးနေရတာဆိုတော့ အတိအကျမသိနိုင်ဘူး ” လို့ ကလေးမြောက်ပိုင်းဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့စစ်ကြောင်းထိုးပြီးတိုက်ပွဲဖြစ်ပွားတာတွေကြောင့် ၅၅ မိုင်ကျေးရွာနဲ့ ၅၆ မိုင်ကျေးရွာက ပြည်သူတွေပါ ထွက်ပြေးနေကြရပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီကျေးရွာနှစ်ရွာအပါအဝင် စစ်ကောင်စီစစ်ကြောင်းကြောင့် ကလေးမြို့နယ်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာနှစ်ဆယ်လောက်ထိ ရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်ကလေးမြို့နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားစဉ်မှာပဲ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
” အစောကြီး စခန်းကိုဝင်တိုက်ကြတာ။ ရဲ လေးယောက်မိတယ်။ စခန်းကို သိမ်းပြီးပြီလို့ ကြားတယ်။ အစောကြီးသိမ်းတာ ” လို့ ကလေးတောင်ပိုင်းဒေသခံတဦးက ပြောပါတယ်။ မြောက်စည်းကျေးရွာစခန်းကို သိမ်းဆည်းတာနဲ့ပတ်သက်လို့ DNA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီက ကလေးမြို့နယ်တောင်ပိုင်းကို မနက် ၁၁ နာရီထိုးခါနီးမှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ရွာပေါ်ဝဲပြီး ဒုန်းကနဲဆို ပစ်ချတာ အအကျယ်ကြီးကြားလိုက်ရတာ။ ပြီးတော့ နှစ်ပတ်ပြန်ဝဲပြီး မုံရွာဘက်ပျံသွားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
ကလေးမြို့တောင်ပိုင်းကို စစ်ကူသွားဖို့လို့ ယူဆရတဲ့ စစ်ကောင်စီကားတစီးကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့တောင်ဘက် (GTC) နည်းပညာတက္ကသိုလ်ကျောင်းကနေ ထွက်လာတဲ့ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက GTC ကျောင်းတောင်ဘက် ဘုရားလိမ်တံတားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ကားဘီးတွေ ကျွတ်ထွက်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်အပြီး စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ပစ်ခတ်ရင်းထွက်ပြေးကြပြီး GTC ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်လို့ သိရပါတယ်။ လက်နက်ကြီးပစ်ခတ်မူကြောင့် ပြည်သူတချို့ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောဆိုပြီး ထိခိုက်ဒဏ်ရာရသူဦးရေနဲ့ ထိခိုက်မှုအခြေအနေကို သိရှိရခြင်း မရှိသေးပါဘူး။
ကလေးမြို့နယ်မြောက်ပိုင်းမှာ ဒေသခံငါးသောင်းဝန်းကျင်ဟာ စစ်ဘေးရှောင်နေကြရတာ တပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကနေ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေဟာ ထပ်မံများပြားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – CJ