မန္တလေး လမ်းလျှောက်သင်္ကြန်မှာ မဖြစ်မနေပါဝင်ဖို့ စစ်အုပ်စုက Non – CDM ဝန်ထမ်းတွေကို ဖိအားပေးနေ

ဧပြီ၊ ၈
 
မန္တလေးတိုင်း စစ်ကောင်စီက လာမယ့်သင်္ကြန်ပွဲတော်ကို အရင်အစိုးရလက်ထက်တွေကလို ပြန်လည်စည်ကားစေဖို့ ကြိုးပမ်းနေသလို ကျူံးတောင်ဖက်မှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်အတွက်လည်း Non-CDM ဝန်ထမ်းတွေကို ဖိအားပေးတာတွေ ရှိနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။
 
စစ်အုပ်စုက သူတို့လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကို သင်္ကြန်မှာ ရေကစားမဏ္ဍပ်ထိုင်ကြဖို့၊ စစ်ကောင်စီသင်္ကြန်ပွဲတော်မှာ မဖြစ်မနေပါဝင်ဆင်နွှဲဖို့ ဖိအားပေးခိုင်းစေတာတွေ လုပ်နေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
 
” အဓိကတော့ မိန်းခလေးတွေ မဖြစ်မနေလာခိုင်းတယ်၊ အလှည့်ကျစနစ်နဲ့ သွားခိုင်းတာပေါ့၊ တချို့ကလည်း မသွားချင်တော့ ခရီးထွက်မှာတို့၊ တရားစခန်းဝင်မှာလို့ အကြောင်းပြကြတယ်၊ ယောကျာ်းလေးတွေကတော့ မသွားဘူး ဖြစ်ချင်တာဖြစ်ဆိုတဲ့ လူတွေလည်း ရှိတယ်၊ စစ်တပ်ထောက်ခံတဲ့ ကောင်တွေကတော့ သွားကြလိမ့်မယ် ” လို့ အမည်မဖော်လိုတဲ့ တရားရေးဌာန Non-CDM ဝန်ထမ်းတဦးက ပြောပါတယ်။
 
အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ အစိုးရလက်ထက်က ကျူံးတောင်ဖက် ၂၆ လမ်းပေါ်မှာ စတင်အကောင်အထည်ဖော်ခဲ့ကြတဲ့ လမ်းလျှောက်သင်္ကြန်ကိုလည်း စစ်အုပ်စုက ဒီနှစ်မှာ ပြန်လည်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
 
ကျူံးတောင်ဖက်က လမ်းလျှောက်သင်္ကြန်အတွက် စစ်အုပ်စုက ရေကစားမဏ္ဍပ် ၁၄ ခုလောက်ကို ဆောက်လုပ်ထားသလို ကျူံးအရှေ့ဖက်နဲ့ အနောက်ဖက်တွေမှာလည်း ရေကစားမဏ္ဍပ်တွေကို ဆောက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီလိုရေကစားမဏ္ဍပ်တွေကို ဆောက်လုပ်တဲ့နေရာမှာ ကန်ထရိုက်တွေကို ဖိအားပေးလုပ်နေတာလို့လည်း ဆိုကြပါတယ်။
 
” မဏ္ဍပ်တွေသာ ဆောက်နေတာ အဲဒီမဏ္ဍပ်တွေကို ကစားဖို့ ဈေးနှုန်းကြေညာတာလည်း မတွေ့ဘူး၊ တခါမှ မမြင်ဖူးတဲ့ ဈေးချိုမှာလည်း မဏ္ဍပ်ဆောက်နေတယ်၊ ပြည်သူကတော့ ပါဝင်လိမ့်မယ်တော့ မထင်ဘူးဗျ။ သူတို့လူတွေပဲ ပျော်မြူးပြီးတော့ အားလုံးနေသာကျပြီဆိုတာ ပြချင်နေတာပါ ” လို့ မန္တလေးမြို့ခံတဦးက မှတ်ချက်ပြုပါတယ်။
 
လက်ရှိမှာ ကျူံးဘေးက ရေကစားသင်္ကြန်မဏ္ဍပ် ဆောက်လုပ်တဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးယူပေးနေတာတွေရှိတယ်လို့လည်း သိရပါတယ်။ အရင်အစိုးရလက်ထက်တွေက ကျူံးပတ်လည်မှာ ရေကစားမဏ္ဍပ်ဆောက်လုပ်ဖို့အတွက် အခွန်ကျပ်သိန်း ရာချီပေးသွင်းရပေမယ့် စစ်အုပ်စုကတော့ ဒီနှစ်မှာ အခမဲ့မဏ္ဍပ်ဆောက်ခွင့်ပြုထားတာပါ။
 
ကိုဗစ်ကာလ ရောဂါပြန့်ပွားမှုထိန်းချူပ်နိုင်ဖို့အတွက် သင်္ကြန်မှာ ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ပြီး ရေကစားတာကို အရင် NLD အစိုးရက ကန့်သတ်ခဲ့တာပါ။ စစ်အာဏသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက တစ်နိုင်ငံလုံးအနှံ့ သင်္ကြန်ရေကစားမဏ္ဍပ်တွေ ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပါတယ်။
 
အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီပြုလုပ်မယ့် သင်္ကြန်နဲ့ ပြည်သူတွေ ဝေးဝေးနေကြဖို့ တိုက်တွန်းပြောဆိုထားပြီး အချိန်မရွေးတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း မြို့ပြပြောက်ကျားအဖွဲ့တချို့က သတိပေးကြေညာတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ – CJ