လွန်ခဲ့တဲ့ နှစ်သုံးထောင်လောက်ကတည်းက လူသားတွေ မူးယစ်ဆေး သုံးစွဲတတ်ခဲ့တယ်လို့ ယုံကြည်ရ

ဧပြီ၊ ၈

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်ကတည်းက လူတွေ မူးယစ်ဆေးဝါး သုံးစွဲတတ်နေပြီဆိုတဲ့ အထောက်အထားတွေကို စပိန်နိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။

ခေတ်သစ် စပိန်နိုင်ငံ ပိုင်နက်ထဲမှာ တူးဖော်တွေ့ရှိတဲ့​ ရှေးဟောင်း သင်္ချိုင်းနေရာ တခုက ဆံပင်တွေကို စစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်ကတည်းက လူသားတွေဟာ အပင်တွေ၊ ချုံပင်တွေက ရရှိတဲ့ စိတ်ကို ပြောင်းလဲစေတဲ့ အာနိသင်ရှိတဲ့ သဘာဝ ပစ္စည်းတွေကို မူးယစ်ဆေး အနေနဲ့ သုံးစွဲနေခဲ့ကြတယ် ဆိုတာကို ဖော်ထုတ်လာနိုင်ခဲ့တာပါ။

ဥရောပမှာ အခြေချတဲ့ အစောဆုံး လူသားမျိုးနွယ်တွေဟာ မူးယစ်ဆေး သုံးစွဲတတ်ခဲ့တယ် ဆိုတာကို အခုလေ့လာမှု ရလဒ်တွေက သက်သေခံနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဲဒီ သဘာဝ မူးယစ်ဆေးတွေရဲ့ ထင်ယောင်ထင်မှားနဲ့ စိတ်ပျံ့လွင့်မှု အာနိသင်တွေကို ရှေးဟောင်း လူသားတွေက လိုလိုလားလား ရှိခဲ့ကြမယ်လို့လည်း ပညာရှင်တွေက ယူဆနေပါတယ်။

စပိန်နိုင်ငံက မန်နော်ကာ ဒေသရဲ့ အနောက်တောင်ဖက်မှာရှိတဲ့ အက်စ် ကာရစ်တ်စ် ဂူထဲက သင်္ချိုင်းနေရာဟောင်းမှာ အခုလို အထောက်အထားတွေ တွေ့ရှိခဲ့တာပါ။ အဲဒီဂူဟာ ဘီစီ ၈၀၀ ကာလထိ နှစ်ပေါင်း ၆၀၀ လောက် ကြာမြင့်အောင် ကိုးကွယ်ယုံကြည်မှုနဲ့ သင်္ချိုင်းနေရာ တခုအဖြစ် အသုံးချခံရခဲ့ဟန်ရှိပြီး သင်္ချိုင်းမြေပုံ ၂၀၀ လောက် စုဝေး တည်ရှိနေပါတယ်။

ရှေးဟောင်း ရုပ်ကြွင်းတွေရဲ့ ဆံပင်တွေမှာ ဆက်စပ် တွေ့ရှိရတဲ့ အထောက်အထားတွေအရ အဲဒီတုန်းက အသုံးပြုခဲ့တဲ့ သဘာဝ မူးယစ်ဆေးတွေဟာ အာနိသင် အတော်ပြင်းပုံရတယ်လို့ ပညာရှင်တွေက မှတ်ချက် ပေးပါတယ်။ နောက်ပြီး မူးယစ်ဆေးရဲ့ အာနိသင်ကို ထိန်းချုပ်တတ်တဲ့ နတ်ဆရာ သဘောမျိုး လူပုဂ္ဂိုလ်တွေလည်း ရှိခဲ့လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

အရင်ကတည်းက ဥရောပရဲ့ ရှေးဦး လူသားမျိုးနွယ်စုတွေဟာ မူးယစ်ဆေး သုံးစွဲခဲ့ကြဟန် ရှိတယ်လို့ ထင်မြင် တွေးတောခဲ့ပေမယ့် သွယ်ဝိုက် အထောက်အထားတွေနဲ့သာ ကောက်ချက်ချနိုင်ခဲ့တာ ဖြစ်ပြီး စပိန်က သင်္ချိုင်းနေရာကြောင့် အဲဒီ အယူအဆဟာ ပိုမို ခိုင်မာလာကြောင်းလည်း သိရပါတယ်။

Ref: BBC