တောင်ကိုရီးယားနဲ့ ပုံမှန် ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းတွေကို မြောက်ကိုရီးယား ဆိုင်းငံ့

ဧပြီ၊ ၈

နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတင်းမာလာတဲ့ အခြေအနေမှာ မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ ပုံမှန် ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

တောင်နဲ့မြောက် ကိုရီးယား စစ်တပ်တွေဟာ တနေ့ကို နှစ်ကြိမ် ပုံမှန် ဆက်သွယ်ဖို့ သဘောတူထားပါတယ်။ ဒါပေမဲ့ ဧပြီ ၇ ရက်ကစပြီး တောင်ကိုရီးယားက ဖုန်းခေါ်တာကို မြောက်ကိုရီးယားက အကြောင်းမပြန်တော့ဘူးလို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

တောင်ကိုရီးယားရဲ့ ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနက ဧပြီ ၇ ရက် မနက်ပိုင်းရော၊ ညနေပိုင်းမှာပါ တောင်ကိုရီးယားက ပုံမှန်အတိုင်း ဖုန်းခေါ်ပေမယ့် မြောက်ကိုရီးယားဆီက တုံ့ပြန်မှု မရခဲ့ဘူးလို့ အတည်ပြုသွားပါတယ်။ 

အဲဒီလို ဖုန်းခေါ်ဆိုမှုတွေကို အိမ်နီးချင်း ပြိုင်ဘက် နှစ်နိုင်ငံကြား ကန့်သတ် သံတမန် လှုပ်ရှားမှု အနေနဲ့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တောင်ကိုရီးယားဟာ မဟာမိတ် အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယားကလည်း ဒုံးကျည် စမ်းသပ်မှုတွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။ 

မြောက်ကိုရီးယားက တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်ပွဲအတွက် ပြင်ဆင်မှုတွေလို့ ယူဆပြီး ရန်လိုတဲ့ သဘောထားတွေနဲ့ အပြင်းအထန် တုံ့ပြန်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

Ref: Fox News