တောင်သာဒီချုပ်ရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီး

ဧပြီ၊ ၇

မန္တလေးတိုင်း၊တောင်သာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်တွေက ဧပြီလ ၇ ရက် ဒီကနေ့ည ကိုးနာရီဝန်းကျင်မှာ လာရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပါတီနဲ့ နီးစပ်သူ တွေက DNA ကို ပြောပါတယ်။

 “မီးပျက်နေတုန်းမှာ လုပ်သွားတာ၊မှန်တွေရိုက်ခွဲပြီး ဖျက်ဆီးသွားတာ၊အခုလေးတင်ပဲ’’ လို့ တောင်သာ ဒေသခံ တဦးက ဒီကနေ့ည ဆယ်နာရီဝန်းကျင်က ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေက တောင်သာဒီချုပ်ရုံးကဘာတွေဖျက်ဆီးပြီးဘာတွေယူဆောင်သွားတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။

ဒါ့အပြင်တောင်သာဒီချုပ်ရုံးကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်သားအရေအတွက်မသိရပေမယ့် ဝင်ရောက်စီးနင်း စဉ်မှာမီးတွေဖြတ်ထားပြီး တနာရီနီးပါးအကြာ စီးနင်းဖျက်ဆီးပြီးချိန်မှာတော့ မီးပြန်ပေးခဲ့တယ်လို့လည်း တောင် သာမြို့နယ်က ဒေသခံတွေက ပြောကြပါတယ်။ 

“ပါတီရုံးမှာ ဘယ်သူမှမရှိဘူး၊အာဏာသိမ်းကတည်းက မရှိတော့တာ’’လို့ ဒေသခံတဦးက ပြောပါတယ်။ တောင်သာမြို့ဟာ ကြံ့ခိုင်ရေးပါတီက ခေါင်းမာဂိုဏ်သားလို့နိုင်ငံရေးလေ့လာသူတွေက ပြောကြတဲ့ ကွယ်လွန် သူ စက်မှုဝန်ကြီးဟောင်းဦးအောင်သောင်းရဲ့ အမာခံနယ်မြေဖြစ်ပြီး အရင် စစ်အစိုးရလက်ထက်က ပြူစောထီးလို လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ တောင်သာတပ်မတော်ရဲ့ မွေးဖွားရာဖြစ်တယ်လို့ ပြောကြပါတယ်။ 

ဒ့ါအပြင် စစ်ကောင်စီတပ်တွေဟာ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းအပြီးမှာလည်း တောင်သာဒီချုပ်ရုံးကို ပထ မအကြိမ်ဖျက်ဆီးခဲ့ပြီး ရုံးအတွင်းက ပစ္စည်းတွေကို အဲဒီတုန်းက ယူဆောင်သွားခဲ့သလို ရုံးကမှန်တွေကိုလည်း သေ နတ်နဲ့ ပစ်ခတ်ခဲ့ကြသေးတယ်လို့သိရပါတယ်။ 

တောင်သာမြို့နယ်ဟာ မန္တလေးတိုင်းအတွင်းမှာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံဘဲ ပြင်းပြင်းထန် ထန် ဆန့်ကျင်နေတဲ့ မြင်းခြံ၊ မလှိုင်စတဲ့မြို့နယ်တွေနဲ့ အတူ တက်တက်ကြွကြွ ဆန့်ကျင်တိုက်ခိုက်နေတဲ့ မြို့လည်းဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ ပါတီပြန်မှတ်ပုံမတင်တဲ့ ဒီချုပ်ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကို မတ်လ ၂၈ ရက် က ပါတီတည်ရှိမှုဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီလိုကြေညာအပြီးရန်ကုန်၊ ကမာရွက်မြို့နယ်က ဒီချုပ် ပါတီရုံးဆိုင်းဘုတ်ကို မတ်လ ၃၁ ရက်က ဖြုတ်သိမ်းခဲ့ သလို ဧပြီလ ၃ရက်နဲ့ ၅ရက်တို့မှာလည်း မန္တလေးတိုင်းပါတီရုံးချုပ်နဲ့ ပုသိမ်းကြီးမြို့နယ် ပါတီရုံးတွေကိုဖြတ်ချ ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ ဒီချုပ်ပါတီရုံးချုပ်အပါအဝင် ပါတီရုံးတွေကိုဗုံးခွဲတိုက်ခိုက် တာအပါ အဝင် အကြိမ် ၁၂၀ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ 

ဒီချုပ်ပါတီဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပေမယ့် အဲဒီတုန်းက စစ်တပ်က အာဏာလွှဲမပေးပဲ ၂၀၁၀ ပြည့်နှစ်မှာရွေးကောက်ပွဲကျင်းပပြီး အရပ်သားတပိုင်းဦးသိန်းစိန်အစိုးရကို အာဏာလွှဲပေးကာ တိုင်းပြည် အာဏာကိုဆက်လက်ရယူခဲ့ပါတယ်။

 အဲဒီတုန်းက ဒီချုပ်ပါတီဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီးရွေးကောက်ပွဲမဝင်ခဲ့လို့ ပါတီ ဖျက်သိမ်းခံခဲ့ရပေမယ့် အခုလို ပါတီရုံးတွေဖျက်ဆီးတာ၊ ဆိုင်းဘုတ်တွေ ဖြုတ်ချတာစတဲ့ အကြမ်းဖက်မှုတွေ ပြုလုပ်တာမခံခဲ့ရပါဘူး။