ချင်းပြည်တက်တဲ့ စစ်ကောင်စီယာဉ်တန်း အထိနာလို့ ရွာတွေကို မီးပိုရှို့

ဧပြီ ၊ ၇

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ စစ်ဗျူဟာသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်အင်အားပို့လာတဲ့ စစ်ကောင်စီ ယာဉ်တန်းဟာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာပြီး စစ်ကြောင်းတလျှောက်က ကျေးရွာတွေကို ပိုမိုမီးရှို့မှုတွေ လုပ်လာတယ်လို့ သိရပါတယ်။

  “ကလေးကနေဟားခါး တက်လာတဲ့ စစ်ကြောင်းက အခုအကြိမ်နဲ့ဆိုရင် ၅ ကြိမ်ရှိပြီ။ အခု နောက်ဆုံးအကြိမ်မှာပဲ မီးပိုရှို့လာတယ်။ မနှစ်တုန်းက ၂၀၂၂ မတ်လတုန်းက မီးရှို့့ခဲ့တယ်။ အဲဒီအရင်စစ်ကြောင်းတုန်းက မီးမရှို့ခဲ့ဘူး။ အခုက ၅ ကြိမ်မြောက်တက်လာတဲ့အခါမှာ ရွာအိမ်တွေကို စစ်သားတွေက မီးရှို့့တာ ပိုများလာတယ်။တိုက်ပွဲကတော့ တလမ်းလုံးမှာ ပြင်းထန်လာတယ်။ ဒီလ ၅ ရက်နေ့မှာဆိုရင် စစ်ကောင်စီတပ်က ၁၀ ယောက်သေသွားတယ်။ မနေ့က ဧပြီလ ၆ ရက်မှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်တယ်။ ရန်ထလိုဘက်မှာလည်း မနေ့က မီးရှို့သွားတယ်လေ” လို့ CDF-ဟားခါးမှ ပြန်ကြားရေးတာဝန်ခံ ပြောပါတယ်။

 မတ်လ ၂၁ ရက်က ဖလမ်းမြို့ကနေ ဟားခါးမြို့ဘက်ကို ထွက်လာခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဖလမ်း-ဟားခါးကြားမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် နှစ်ပတ်ကျော်ကြာတဲ့အထိမရောက်နိုင်သေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဧပြီလ ၅ ရက်က ဖလမ်း-ဟားခါးကြား  ရမ်ထလိုကျေးရွာအနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကာ ဧပြီလ ၆ ရက်မှာလည်း တိုက်ပွဲတွေ ထပ်မံဖြစ်ပွားသလို ရမ်ထလိုကျေးရွာက နေအိမ် ၆ လုံးထက်မနည်းဟာ မီးရှို့ခံခဲ့ရတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

 ဝရံချောင်းကျေးရွာမှာလည်း နေအိမ် ၁ဝလုံးထက် မနည်း မီးရှို့ခံခဲ့ရသလို့ ဧပြီလ ၃ရက်ကလည်း တလန်ဇာရ်ကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဟာ ရွာထဲက အိမ် ၇ လုံးထက်မနည်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

 အဆိုပါ စစ်ယာဉ်တန်းဟာ ကလေးမြို့ကနေ ချင်းပြည်နယ်ကို မတ်လ ၇ ရက်ကတည်းက စတင်ထွက်ခွာလာခဲ့ပြီး ကလေးမှ ဟားခါး လမ်းတလျှောက်မှာ ချင်းကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်တဲ့အတွက် တလကြာတဲ့အထိ ဟားခါးသို့ မရောက်နိုင်ဘဲ ဖြစ်နေပါတယ်။

 အဲဒီလမ်းတစ်လျှောက်က တိုက်ပွဲတွေမှာ စစ်တပ်ဟာ ထိခိုက်ကျဆုံးမှု များပြားတဲ့အတွက် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ မကြာခဏ ပေးနေရတယ်လို့ ချင်းကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဖလန်း-ဟားခါးလမ်းမပေါ်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ တောတောင်တွေနဲ့ မြို့ပေါ်တွေထဲမှာ စစ်ရှောင်နေရပြီး တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ မိုးရွာတဲ့ ဒဏ်ကို ခံစားနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။