ဧပြီ၊ ၆
မင်္ဂလာဒုံလေဆိပ်ကို ဒီကနေ့ည ကိုးနာရီဝန်းကျင်က ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေဆိပ်အနီးက ကြံခင်းစုရပ်ကွက်ကို ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြော ပါတယ်။
“ ရပ်ကွက်ကို ပိတ်ချလိုက်ပြီ။ မြတောင်ညိုဂိတ်မှာလည်း ပစ်ခတ်မှုဖြစ်သေးတယ် ”လို့ လေဆိပ်အနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။
မင်္ဂလာဒုံလေဆိပ်အနီးကနေ ဒီကနေ့ည ကိုးနာရီ ၁၅မိနစ်ဝန်းကျင်က ပေါက်ကွဲသံတွေ စတင်ထွက်ပေါ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ကျယ်လောင်တဲ့ ပေါက်ကွဲသံ ငါးချက်ထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီပေါက်ကွဲသံတွေကို လေဆိပ်အနီးနေထိုင်သူတွေအပြင် မင်္ဂလာဒုံအနီးတဝိုက်မြို့နယ်တွေက ဒေသခံတွေလည်း ကြားကြရတယ်လို့ သိရပါတယ်။
“ (ပေါက်ကွဲသံတွေက) မိနစ်ပိုင်းပဲခြားတယ်၊ ပထမဆုံးပေါက်တာ ပိုပြင်းတယ်၊ တော်တော်သိသိသာသာကို တုန်သွားတာ ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လေဆိပ်အတွင်းက လေယာဉ်ပြေးလမ်းကို ထိခိုက်သွားပြီး မီးလောင်မှုဖြစ်ခဲ့သေးတယ်လို့ ဒေသခံတချို့က ပြောပေမယ့် DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
“ ပေါက်ကွဲသံငါးချက်ကြားရပြီး ပစ်ခတ်သံတွေလည်း ဆက်တိုက်ထပ်ကြားရတာ၊ ပေါက်ကွဲသံကတော့ သုံးလုံးက အသံတော်တော်အောင်တယ် ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီက လေဆိပ်အနီး လူနေရပ်ကွက်တွေကို ပိတ်ဆို့လိုက်ကာ လှည့်လည်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း ပြင်းအားကြီးရှော့တိုက်ဒုံးနဲ့ မင်္ဂလာဒုံလေတပ်စခန်းကို တိုက်ခိုက်ခံခဲ့ရပြီး အခုလည်း အလားတူတိုက်ခိုက်ခံရတာဖြစ်နိုင်တယ်လို့ မြို့ပြတော်လှန်ရေးအင်အားစုဝင်တဦးက DNA ကို ပြောပါတယ်။
အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ဓာတ်ပုံ – Google
ပုံစာ – မင်္ဂလာဒုံလေဆိပ်အတွင်းက စစ်လေယာဥ်တချို့