စစ်ကောင်စီစစ်ဆေးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ ပျောက်ကြားသပိတ်လုပ်

ဧပြီ၊ ၆
 
စစ်ကောင်စီတပ်တွေစစ်ဆေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ ဧပြီ ၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်တခုကို ပြုလုပ်ခဲ့ကြပါတယ်။
 
” လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက် ” စာသားပါ ဘန်နာကိုကိုင်စွဲပြီး ရန်ကုန်မြို့တနေရာမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက ထုတ်ပြန်ထားပါတယ်။
 
ဒီကနေ့ ဆန္ဒထုတ်ဖော်မှုကိုတော့ ရန်ကုန်က တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နဲ့ လူ့ဘောင်သစ်လူငယ် (YNS) တို့ ပူးပေါင်းပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
 
လက်ရှိ ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက သင်္ကြန်ပွဲတော်တွေ စည်ကားဖို့ ပြင်ဆင်နေသလို လုံခြုံရေးအင်အားနှစ်ဆတိုးချပြီး အရပ်ဝတ်အသွင်ယူလုံခြုံရေးတွေလည်း ချထားဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားချိန်လည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Insein Students’ Union – ABFSU