ဧပြီ၊ ၆
စစ်ကောင်စီက မန္တလေးမြို့ခံ အထည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးကို ဖမ်းဆီးခဲ့ပြီးနောက် နေအိမ်ကိုပါ ချိပ်ပိတ်သွားတယ်လို့ အဲဒီဖြစ်စဉ်ကိုသိရှိတဲ့ မန္တလေးမြို့ခံတွေက DNA ကိုပြောပါတယ်။
အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ” အညာသားကြီး ” ရိုးရာချည်ထည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးကို စစ်အုပ်စုက မတ်လ ၂၄ ရက်မှာ စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် မနေ့က ဧပြီ ၅ ရက် နေ့လယ်ပိုင်းမှာတော့ နေအိမ်ကိုပါ ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။
” သူတို့မိသားစု ဖမ်းခံရတုန်းကတည်းက ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိဘူးလေ၊ ဖမ်းတုန်းကလည်း အိမ်ကို စစ်ကားတွေနဲ့ လာဖမ်းသွားတယ်၊ အဲဒီနောက် နန်းတွင်းက စစ်ကြောရေး ရောက်သွားတယ်ကြားတာပေါ့၊ မနေ့ကတော့ အိမ်နဲ့ ဆိုင်ကို သူတို့ (စစ်ကောင်စီ)နောက်တခေါက်လာပြီး ချိပ်ပိတ်သွားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
အညာသားကြီး အထည်ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ ကိုကောင်းကျော်ဇံ ၊ မနော်မာဒီ (ခေါ် ) မမာလာဝေ နဲ့ သူတို့ရဲ့ သမီးဖြစ်တဲ့ မမိုးသီတာထွန်း တို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိမှာ သူတို့ပက်သက်တဲ့ သတင်းအချက်အလက်တွေ မရသေးဘူးလို့ သူက ဆိုပါတယ်။
စစ်အုပ်စုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အဲဒီအထည်ဆိုင်ရဲ့ ပိုင်ရှင် လင်မယားနှစ်ဦးအပါအဝင် စုစုပေါင်းသုံးဦးကို PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း အခုလိုပဲ သူတို့ကို ဆန့်ကျင့်နေတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး နေအိမ်ချိတ်ပိတ်တာတွေ လုပ်နေသလို NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကိုလည်း ချိပ်ပိတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် မန္တလေးမြို့က NLD ပါတီထောက်ခံသူတွေနဲ့ ဆက်စပ်သူတွေကိုလည်း စစ်အုပ်စုက ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ သွေးသောက်အဖွဲ့လို့ နာမည်ခံထားလို့ စစ်ကောင်စီလိုလားသူအုပ်စုက ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ဖြစ်နေတာပါ။
NUG နဲ့ကြားဆက်ပြီး အွန်လိုင်းကနေ တရားမဝင်စာသင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးအောင်မြေသာစံမြို့နယ်က အမျိုးသမီး (၁၃)ဦးနဲ့ အမျိုးသားနှစ်ဦးကိုလည်း မတ်လ ၂၂ရက်ကစလို့ ဖမ်းဆီးထားကြောင်း စစ်ကောင်စီက မနေ့က ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ – စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်