မန္တလေးမြို့က NLD ပါတီ တိုင်းရုံးနဲ့ မြို့နယ်ရုံးက ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

ဧပြီ၊ ၆

မန္တလေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (NLD) ရဲ့ တိုင်းဒေသကြီးရုံးနဲ့ ပုသိမ်ကြီးမြို့နယ်ရုံးက ပါတီဆိုင်းဘုတ်တွေကို လူတစုက ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။
 
ဧပြီ ၃ ရက်နေ့ ညနက်ပိုင်းအချိန်မှာ ချမ်းအေးသာစံမြို့နယ် ၆၂လမ်းနှင့် ၃၃လမ်းအနီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းရုံးရဲ့ ၅ ထပ်အဆောက်အဦးပေါ်ရှိ ပါတီဆိုင်းဘုတ်ကို စစ်အုပ်စုဖက်က လေတိုက်ပြီး ပြုတ်ကျတယ်လို့ သတင်းဖြန့်နေတာပါ။ ရုပ်သံမှတ်တမ်းတွေအရ ပါတီဆိုင်းဘုတ်သည့် အထက်အမြင့်အပေါ်က ပြုတ်ကျလာပြီး လျှပ်စစ်မီးကြိုးပေါ်ကျက မီးပွင့်ထွက်တာတွေရှိခဲ့ပါတယ်။
 
အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မန္တလေးမြို့က NLD ပါတီရဲ့ တိုင်းရုံးအပါအဝင် မြို့နယ်ရုံးတချို့ကိုလည်း ချိတ်ပိတ်ခဲ့သေးသလို စစ်တပ်ထောက်ခံသူတွေကလည်း ရုံးတွေကို ဗုံးခွဲဖျက်ဆီးတာတွေအပါအဝင် ပစ္စည်းတွေကို ညဖက် ဝင်ရောက်ယူဆောင်တာတွေ လုပ်ခဲ့ပါသေးတယ်။
 
” အဲဒီရုပ်သံဖိုင်ကို လိုင်းပေါ်မှာတွေ့လိုက်သေးတယ်။ အဲဒါက တိုင်းရုံးမှာဖြစ်သွားတာပါ။ သူတို့ပြောသလို လေတိုက်ပြုတ်ကျတာတော့ မဖြစ်နိုင်ဘူးဗျ။ ဒီရက်ပိုင်းထဲ လေကြမ်းတိုက်တာလည်းမရှိဘူးဗျ။ ဖြုတ်ချခံရတာပဲဖြစ်မယ်။ နောက်ပြီး အဲဒီရုံးက ချိတ်ပိတ်ခံထားရတာဖြစ်လို့ ဘယ်သူမှာ အဝင်အထွက်မရှိဘူးလေ ညအချိန်ဘယ်သူတွေဝင်လုပ်မယ်ဆိုတာ လူတိုင်းသိပါတယ် ” လို့ ပါတီနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
တိုင်းရုံးက ပါတီဆိုင်းဘုတ်ကို စစ်အုပ်စုက ညပိုင်းအချိန်မှာ ဖြုတ်ချတာဖြစ်နိုင်တယ်လို့ ပါတီနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောဆိုကြပေမယ့် DNA က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
 
အလားတူပဲ ပုသိမ်ကြီးမြို့ရှိ NLD ပါတီရုံး ဆိုင်းဘုတ်ကိုလည်း စစ်အုပ်စုက ဧပြီလ ၅ ရက်နေ့ ညနက်ပိုင်းမှာ အရပ်ဝတ်တွေနဲ့ လာရောက်ပြီး သယ်ဆောင်သွားသလို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ပုံတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ဒေသခံ တွေက ပြောဆိုကြပါတယ်။
 
” မနက်က အဲဒီရှေ့ကဖြတ်သွားတုန်းကတော့ သတိထားမိတယ်။ ဆိုင်းဘုတ်တော့မရှိတော့ဘူး။ ပုံတွေလည်း ပြဲနေတာပေါ့။ သေချာတော့ ရပ်မကြည့်ခဲ့ဘူး။ မှန်တွေကွဲနေတာလည်း တွေ့တယ်။ ဆိုင်းဘုတ်က အတော်ကြီးတော့ သူတို့ကားနဲ့ သယ်သွားတယ်ထင်ပါတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီက ရွေးကောက်ပွဲအနိုင်ရထားတဲ့ NLD ပါတီ အပါအဝင် သူတို့ရဲ့ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံပြန်မတင်တဲ့ပါတီ ၄၀ ကို နိုင်ငံရေးပါတီအဖြစ် မတ်လ ၂၈ရက်နေ့က ဖျက်သိမ်းခဲ့တာပါ။ အဲဒီနောက် NLD ပါတီရဲ့ ဆိုင်းဘုတ်တွေကို စစ်ကောင်စီက လိုက်လံဖြုတ်သိမ်းနေတာပါ။
 
မတ်လ ၃၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်တာဝါ ၁ နဲ့ ၂ အနီး၊ ကွမ်းခြံကုန်း (၅) လမ်းမှာရှိတဲ့ ကမာရွတ်မြို့နယ် NLD ပါတီ ရုံးခန်းရဲ့ ဆိုင်းဘုတ်ကို စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ လာရောက်ဖြုတ်သိမ်းခဲ့ပါသေးတယ်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် တိုင်းနဲ့ပြည်နယ် အသီးသီးရှိ ပါတီရုံးချူပ်အပါအဝင် ရုံးတွေကို ဝင်ရောက်ဖျက်ဆီး ပစ္စည်းယူငင်တာတွေ အကြိမ်ရေ ၁၂၀ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ