ကလေးမြို့နယ်မြောက်ပိုင်းမှာစစ်ကောင်စီလက်ချက်နဲ့သေတဲ့ ရုပ်အလောင်းသုံးလောင်းတွေ့

ဧပြီ၊ ၆

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်း ပျဥ်းတောဦးနဲ့ နန်း​စောင်းပုရွာကြားမှာ ဒီကနေ့ ဧပြီလ ၆ ရက်မနက်ပိုင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလေးရေးလုပ်ဆောင်ရာမှာ စစ်ကောင်စီလက်ချက်နဲ့သေတဲ့ရုပ်အလောင်းသုံးလောင်းကိုတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” တယောက်က ကာကွယ်ရေးရဲဘော်တဦးလို့ပဲပြောနေကြတာ။ ဘယ်အဖွဲ့က ဘယ်သူဆိုတာမသိရသေးဘူး။ သူတို့မထုတ်ပြန်သေးဘူး။ နှစ်ယောက်ထဲကတယောက်ကတော့ ဖလမ်းကနေအလည်လာတဲ့ကလေးတယောက်၊ တယောက်ကတော့မသိရသေးဘူး။ အလောင်းက နိုပ်စက်ခံရတာတအားများတာဆိုတော့ မသိနိုင်ကြတာ” လို့ ကလေးမြောက်ပိုင်းဒေသခံတဦးကပြောပါတယ်။

ရုပ်အလောင်းသုံးလောင်းထဲက တယောက်ဟာ ဖလမ်းမြို့နယ် ၊ဘွာလ်ခွားကျေးရွာကနေ ကလေးမြို့နယ်မြောက်ပိုင်း ပျဥ်းခုံကြီးကျေးရွာကို အလယ်ရောက်နေတဲ့ ဆလိုင်းဆွီးခေါမွာန်း ဖြစ်တယ်လို့သိရပါတယ်။ သူဟာ ဧပြီလ ၃ ရက်နေ့က ပျဥ်းခုံကြီးနှစ်ခြင်းအသင်းတော်ကနေ သာယာကုန်းကျေးရွာကအမျိုးတွေဆီကို အလည်ထွက်ခွာသွားရာက ပျောက်ဆုံးနေခဲ့ပြီး ဒီကနေ့မှာတော့ စစ်ကောင်စီတွေသတ်ဖြတ်ထားခဲ့တဲ့သူ့ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကာကွယ်ရေးရဲဘော်တဦးကျဆုံးတာနဲ့ပတ်သက်ပြီး အဖွဲ့နဲ့ ရဲဘော်ရဲ့အမည်ကိုဖော်ပြမထားပေမယ့် ဝမ်းနည်းကြောင်းစာတွေကို တော်လှန်ရေးအင်အားစုတွေက လူမူကွန်ယက်ပေါ်မှာရေးသားနေကြတာကိုတွေ့မြင်ရပါတယ်။

စစ်ကောင်စီဟာ မတ်လ ၃၀ ရက်နေ့မှာ ကလေးမြို့နယ်မြောက်ပိုင်းကို စတင်စစ်ကြောင်းထိုးခဲ့ပြီး ဧပြီ ၅ ရက်နေ့အထိ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မြေပြင်တိုက်ပွဲတွေမှာအထိနာတဲ့အတွက် စစ်ကောင်စီက လေကြောင်းကနေသုံးရက်လာရောက်ပစ်ခတ်ခဲ့သလို ကလေးမြို့ပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့နေ့စဥ်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မူကြောင့် ညောင်ကုန်းရွာက နေအိမ်သုံးလုံးနဲ့ပျဥ်းတောဦးရွာက နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ပျဥ်းတောဦးရွာကို ဝင်ရောက်စဥ်မှာ AG ဘုရားကျောင်းကိုလည်း တမင်ဖျက်ဆီးထားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ လေကြောင်းပစ်ခတ်မူတွေကြောင့် ကလေးမြို့နယ်မြောက်ပိုင်းမှာ ဒေသခံပြည်သူသောင်းချီစစ်ရှောင်နေကြရဆဲဖြစ်ပြီး စစ်ရှောင်တွေအတွက် အရေးပေါ် လိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေဆီကသိရပါတယ်။