ပုလောမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်သုံးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရ၊နှစ်ဦးစိုးရိမ်ရ

 

ဧပြီ၊ ၆

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ၊ဝက်တိုးကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိပဲ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်သုံးဦးအပါအဝင်အရပ်သား ၈ ဦးဒဏ်ရာရှိပြီး ကလေးတဦးအပါအဝင်၂ ဦးက အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။

“ထိသွားတာက မနေ့က (ဧပြီလ ၅ရက်)မနက် ၁၀ နာရီလောက်မှာ လေးလုံး ရွာထဲက နေအိမ်ခြံအရှေ့ကို ကျရောက်ပေါက်ကွဲတာ၊ မနက်လူသွားလာများနေတဲ့အချိန်ဆိုတော့လေ၊ အဲမှာ ကလေးတွေရော၊ လူကြီးတွေရောပဲ၊ ဒဏ်ရာရတာ၊ နောက် စာသင်ကျောင်းဘေးကို လည်း ကျတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

ပုလောမြို့ခြေလျင်တပ်ရင်း(၂၈၅)တပ်နဲ့ ပုလောကုန်းကျေးရွာအုပ်စုတစ်မိုင်တောင်ပေါ်မှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီ လ ၄ရက်ကတည်းက စပြီးလက်နက်ကြီးနဲ့ပစ်နေပြီးဧပြီ လ၅ ရက် နံနက် ပစ်ခတ်မှုကြောင့်အသက်ဆယ်နှစ်ဝန်းကျင်ကလေးငယ်သုံးဦး၊ အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားသုံးဦးဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့သူတွေဆိုရင် အခြားရွာကလာရောက်သူအချို့လည်းပါဝင်ပြီးအဲဒီအထဲက ကလေးတဦးနဲ့ အမျိုးသားတဦးက ဒဏ်ရာပြင်းထန်နေတာကြောင့် အသက်အန္တရာယ်စိုးရိမ်နေရကာ ပုလောဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားမှုရှိနေပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆိုပါတယ်။

ဒါပေမယ့် ဧပြီလ ၄ ရက် ညနေပိုင်း ပုလောကုန်းမှ ပြည်သူ့စစ်ခေါင်းဆောင် ကိုကုလားကို ပစ်ခတ်ရှင်းလင်းထားတဲ့အရှိန်ကြောင့် ယခုလို လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ပုလော PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ ကျွန်တော်တို့ မနေ့(ဧပြီ ၄ )ရက် ညနေပိုင်းကတော့ ပုလောကုန်းက ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ကိုကုလားကို စနှိုက်ပါနဲ့ သွားပစ်တယ်၊ အဲမှာ သူနဲ့အလိုအတူ အလိုပါ သူ့ရဲ့ယောက်ဖကိုပဲ ရှင်းနိုင်ခဲ့တယ်၊ သူကတော့ ဘာမှ မဖြစ်သွားဘူး၊ အဲဒါကြောင့်မို့လို့လဲ သူတို့တွေက လက်နက်ကြီးတွေ ရမ်းပစ်တဲ့သဘောမှာ ရှိတယ်လို့ထင်တယ်။” လို့ ပြောပါတယ်။

ဒါအပြင် ပုလောမြို့နယ်မှာ အင်အားဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကတော့  ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားသွားလာတက်တဲ့ ကျေးရွာတွေထဲကို ဝင်ရောက်လာပြီး PDF တွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေကို ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ဒီလိုစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ၊ ကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်အတွင်းက အမြဲတမ်းစစ်ရှောင် ၂၆၀၀ ကျော်နဲ့ တခြားမြို့ရွာနဲ့ ဥယဉ်ခြံတွေမှာ ရှောင်နေရတဲ့ စစ်ရှောင် ၂၅၀၀၀ ခန့်ရှိတယ်လို့ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီကမြို့နယ်ပေါင်း၄၇မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာထားပြီး တနင်္သာရီတိုင်းက ပုလောနဲ့တနင်္သာရီမြို့တို့လည်းပါဝင်ပါတယ်။