ဧပြီ၊ ၆
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာဟာ ပါတီကိုယ်စားပြု ဝန်ကြီးချုပ်လောင်း အနေနဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ထိုင်းရဲ့ အဓိက အတိုက်အခံ အင်အားစု ဖျူထိုင်းပါတီက ကြေညာခဲ့ပါတယ်။
နောက်လထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဖျူထိုင်းပါတီက အဆိုပြုမယ့် ဝန်ကြီးချုပ်လောင်းအဖြစ် အသက် ၃၆ နှစ်အရွယ် ပေတွန်ဂန် ရှီနာဝပ်ထရာက လပေါင်း အတော်ကြာ ကတည်းက ရေပန်းစားနေခဲ့ပါတယ်။ သူဟာ ထိုင်းစစ်တပ် အာဏာသိမ်းမှုကို ခံခဲ့ရပြီး လတ်တလောမှာ ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေရသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲကြို စစ်တမ်းတွေအရ ပေတွန်တန်ဟာ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ စစ်တပ် အကြီးအကဲဟောင်း ပယာရွတ်သ် ချန်အိုချာ၊ သီးခြားစီ ရွေးကောက်ပွဲဝင်မယ့် လက်ရှိ ဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်တို့ထက် လူကြိုက်များသူ ဖြစ်နေပါတယ်။
ဖျူထိုင်းပါတီဟာ သက်ဆင်ရဲ့ အဓိက နိုင်ငံရေး ကျောထောက်နောက်ခံ အင်အားစုအဖြစ် အစဉ်တစိုက် ရပ်တည်ခဲ့ပြီး အခုအခါမှာတော့ ပေတွန်ဂန်ကို ပါတီကိုယ်စားပြု ဝန်ကြီးချုပ်လောင်း အနေနဲ့ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကိုယ်ဝန် အရင့်အမာ ဆောင်ထားတဲ့ ပေတွန်ဂန်ကလည်း မီးဖွားခါနီး ကာလမျိုး ဖြစ်နေတဲ့တိုင်အောင် မဲဆွယ်စည်းရုံးရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုတွေကို အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဖျူထိုင်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရွေးကောက်ပွဲတွေမှာ ထောက်ခံမဲ အများဆုံး ရလေ့ရှိခဲ့ပေမယ့် စစ်အာဏာရှင်အဖြစ် အုပ်စိုးချိန် ပယာရွတ်သ် စိတ်ကြိုက် ပြင်ဆင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေအရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အစိုးရ ဖွဲ့ခွင့် မရခဲ့ပါဘူး။ ပယာရွတ်သ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်တွေအပြင် ထိုင်းစစ်တပ်ရဲ့ အပြည့်အဝ ကျောထောက်နောက်ခံ ပေးမှုကို ရရှိနေဦးမှာ ဖြစ်ပါတယ်။
လူငယ် တဦးဖြစ်တဲ့ ပေတွန်ဂန်ရဲ့ အားကောင်းတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့လာချိန်မှာ ပယာရွတ်သ်ကတော့ ထိုင်းနိုင်ငံ အနေနဲ့ အတွေ့အကြုံ ရင့်ကျက်သူ တဦးရဲ့ ဦးဆောင်မှုအောက်မှာ ဆက်ရှိနေဖို့ အရေးတကြီး လိုအပ်နေဆဲလို့ ပြောကြားထားပါတယ်။