မန်နေဂျာဟောင်းလမ်းပတ်ကို ယာယီမန်နေဂျာ ခန့်အပ်ဖို့ ချဲလ်ဆီး စီစဉ်

ဧပြီ၊ ၆

ချဲလ်ဆီး အသင်းဟာ ဂန္ထဝင် ကစားသမားဟောင်းလည်း၊ အသင်းမန်နေဂျာဟောင်းလည်းဖြစ်တဲ့ ဖရန့်ခ် လမ်းပတ်ကို ရာသီကုန်ထိ ယာယီ မန်နေဂျာတာဝန် ပြန်လည် ခန့်အပ်သွားမယ်လို့ သိရပါတယ်။

 အသင်းရဲ့ မန်နေဂျာ အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး ၂ နှစ်လောက် အကြာမှာပဲ လမ်းပတ်ဟာ စတမ်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်ရောက်လာတော့မယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြကြပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြီးစီးနေပြီလို့လည်း ယုံကြည်ရတဲ့ သတင်းဌာန တချို့က ဆိုပါတယ်။ သူဟာ ဇန်နဝါရီလမှာ အဲဗာတန် မန်နေဂျာ အဖြစ်က ထုတ်ပယ် ခံရပြီး ကတည်းက လက်ဆုပ်လက်ကိုင် အလုပ်မရှိဘဲ ဖြစ်နေပါတယ်။

 ချဲလ်ဆီး ဘုတ်အဖွဲ့ဟာ အသင်းရလဒ်တွေ ဆက်တိုက် ကျဆင်းခဲ့တဲ့နောက် မန်နေဂျာ ဂရေဟမ် ပေါ့တားကို ထုတ်ပယ်ခဲ့ပြီး မန်နေဂျာလက်မဲ့ ဖြစ်နေချိန်မှာ လမ်းပတ်ကို ပြန်ဆက်သွယ်ခဲ့တာပါ။ လမ်းပတ်ဟာ ရာသီကုန်ထိ လန်ဒန်ကလပ်ကို ထိန်းသိမ်း ကိုင်တွယ်သွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

 လမ်းပတ်ဟာ ကစားသမား ဘ​ဝမှာ ချဲလ်ဆီးရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်ခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်ထိ ချဲလ်ဆီးကို မန်နေဂျာအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ချိန်က ၈၄ ပွဲမှာ နိုင်ပွဲ ၄၄ ပွဲထိ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၈ ပွဲမှာ ၅ ပွဲ ရှုံးခဲ့တဲ့နောက် အသင်းနဲ့ လမ်းခွဲခဲ့ရပြီး ဂျာမန်သား သောမတ်စ် တူဟဲလ်နဲ့ အစားထိုး ခံခဲ့ရပါတယ်။ နောက်တော့ တူဟဲလ် နေရာမှာ ဆက်ခံတဲ့ ပေါ့တားက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထပ်ပြီး အထုတ်ပယ် ခံခဲ့ရပြန်တာပါ။

 ချဲလ်ဆီးဟာ လက်ရှိ ဘောလုံးရာသီမှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၅၀ ကျော် အသုံးပြုပြီး ကစားသမားကောင်းတွေ ဖြည့်တင်းထားပေမယ့်လည်း ရလဒ်တွေ ဆိုးရွားပြီး ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာထိ ကျဆင်း ရပ်တည်နေပါတယ်။ ပြီးတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် ထိပ်ဆုံး ၄ သင်း ရပ်တည်မှုနဲ့ ၁၄ မှတ်ထိ ပြတ်ကျန်နေပြီ ဖြစ်ပါတယ်။