သာယာကုန်း ပင်မဓါတ်အားခွဲရုံ ဗုံးချတိုက်ခိုက်ခံရပြီး ရန်ကုန်တမြို့လုံးမီးပျက်၊ ဝန်ထမ်းသုံးဦးလည်း ဒါဏ်ရာရ

ဧပြီ၊ ၅

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းပင်မဓာတ်အားခွဲရုံကို ဧပြီလ ၄ ရက်နေ့၊ ည ၉ နာရီ ၂၁ မိနစ်လောက်မှာပဲ ဒရုန်းနဲ့ ဗုံးဆယ်လုံးခန့် ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းတွေမှာ မီးပျက်ရတာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ခဲ့ပါတယ်။
 
ဖောက်ခွဲတိုက်ခိုက်ခံရပြီး ဗို့အားမြင့်လျှပ်စစ်ပစ္စည်းတွေ ချို့ယွင်းပျက်စီးတဲ့အပြင် အဲ့မှာရှိနေတဲ့ ဝန်ထမ်းသုံးဦးလဲ ထိခိုက်ဒါဏ်ရာရခဲ့ပြီး တနိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့တယ်လို့ သိရပါတယ်။
 
” ဗုံးပေါက်တာလား၊ ဒရုံးနဲ့ချတာလားတော့ မသိဘူး၊ ဓာတ်အားရုံထဲမှာ ပေါက်ကွဲတဲ့အသံကြားရတာတော့ ဟုတ်တယ် “လို့ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပါတ်သတ်ပြီး ပဲခူးမြို့ခံတဦးက DNA ကိုအတည်ပြုပါတယ်။
 
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့ဝန်ထမ်းတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကိုတော့YESC ဖက်က ထုတ်ပြန်ချက်ထဲမှာ ပါဝင်တာမရှိသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖက်ကလဲ တိုက်ခိုက်မှုနဲ့ပါတ်သတ်ပြီး ထုတ်ပြန်ထားတာမျိုးလဲ မတွေ့ရှိရသေးပါဘူး။
 
” သူတို့ကသာ ၉ နာရီကျော်မှ ဖောက်ခွဲခံရလို့ ဖြစ်တယ်ပြောတာ။ ကျွန်မတို့ဖက်မှာ မနေ့က ၉ နာရီမတိုင်ခင်ထဲက ပျက်တာ၊ ၁၂ကျော်လောက် ခဏပြန်လာပြီး ထပ်ပျက်တယ်။ မနက် ၆ နာရီလောက်ပြန်လာ ခု ၉ နာရီပြန်ပျက်သွားပြီ။ အရင်ထဲက တနေ့လေးနာရီတောင် မှန်တာမဟုတ်ဘူး၊ ဒါကို အကြောင်းပြချက်အမျိုးမျိုးပေးနေတယ်၊ ကျမတို့တွေ မီးကိစ္စနဲ့ အတော်စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရတယ်” လို့ ရန်ကုန်မြို့ခံတဦးက DNA ကိုပြောပါတယ်။
 
” သူတို့ကသာ ၉ နာရီကျော်မှ ဖောက်ခွဲခံရလို့ ဖြစ်တယ်ပြောတာ။ ကျွန်မတို့ဖက်မှာ မနေ့က ၉ နာရီမတိုင်ခင်ထဲက ပျက်တာ၊ ၁၂ကျော်လောက် ခဏပြန်လာပြီး ထပ်ပျက်တယ်။ မနက် ၆ နာရီလောက်ပြန်လာ ခု ၉ နာရီပြန်ပျက်သွားပြီ။ အရင်ထဲက တနေ့လေးနာရီတောင် မှန်တာမဟုတ်ဘူး၊ ဒါကို အကြောင်းပြချက်အမျိုးမျိုးပေးနေတယ်၊ ကျမတို့တွေ မီးကိစ္စနဲ့ အတော်စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရတယ် ” လို့ ရန်ကုန်မြို့ခံတဦးက DNA ကိုပြောပါတယ်။
 
မတ်လထဲက စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနဖက်ကနေ ဓါတ်အားပေးစက်ရုံတွေ တိုက်ခိုက်ခံရလို့နဲ့ နွေရာသီမှာ လျှပ်စစ်ဓါတ်အားလျော့နည်းတာတွေကြောင့် မီးပေးဝေမှုကို အလှည့်ကျသာ ပေးဝေနိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
 
စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ လျှပ်စစ်ဓါတ်အား ပုံမှန်မရရှိတာတွေကြောင့် မြို့ခံတွေအနေနဲ့ အခက်တွေ့နေကြရတယ်လို့လည်း သိရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိချောင်းအနီးရှိ လျှပ်စစ်တာဝါတိုင်နှစ်တိုင် မိုင်းခွဲဖျက်စီးခံရလို့ လျှပ်စစ်ဓာတ်အား ၈၀ မဂ္ဂါဝပ်လျော့နည်းခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
အာဏာသိမ်းချိန်ကနေ မကြာသေးခင်အထိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားလိုင်းနဲ့ဓာတ်အားခွဲရုံတွေကို ၂၂၇ ကြိမ်တိုက်ခိုက်ခံရပြီး လျှပ်စစ်ဝန်ထမ်း ၁၉ ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
 
ဒေါ်အောင်စုကြည်အစိုးရလက်ထက် ၂၀၁၉-၂၀၂၀ခုနှစ်မှာ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ၇၀၅၈ မဂ္ဂါဝပ်အထိ ထုတ်လုပ်ဖြန့်ဖြူးခဲ့ဖူးပါတယ်။
 
စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်ထုတ်လုပ်မှု လျော့နည်းလာပြီး ဧပြီလ ၄ ရက်၊ မနေ့က လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၇၄၉ ဒဿမ ၂ သာ ထုတ်နိုင်တယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က ဟောင်ကောင်အခြေစိုက် LNG ဓာတ်ငွေ့သဘေ်ာ ပြန်လည်ထွက်ခွါသွားလို့ လျှပ်စစ် ၁၀၀၀ မဂ္ဂါဝပ်ခန့်လျော့နည်းသွားမယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်