တရားဝင် NATO အဖွဲ့ဝင် နိုင်ငံဖြစ်လာတဲ့ ဖင်လန်

ဧပြီ၊ ၅

ဖင်လန်နိုင်ငံက NATO စစ်မဟာမိတ် အဖွဲ့ထဲ တရားဝင် ပူးပေါင်း ဝင်ရောက်ခဲ့တဲ့နောက် ရုရှားနဲ့ NATO နိုင်ငံတွေကြား ထိစပ်နေတဲ့ နယ်နိမိတ်ဟာ နှစ်ဆလောက် တိုးလာခဲ့ပါတယ်။

ကြားနေ ဝါဒကို ရေရှည် လက်ကိုင်ထားခဲ့တဲ့ အိမ်နီးချင်း ဖင်လန် နိုင်ငံက ပြိုင်ဘက် NATO အဖွဲ့နဲ့ ပူးပေါင်းသွားခြင်းဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်လာပါတယ်။ ဖင်လန်နဲ့ ဆွီဒင် နိုင်ငံတွေဟာ ဘက်မလိုက် ကြားနေဝါဒကို ကာလရှည်ကြာ ဆုပ်ကိုင်ထားခဲ့ပေမယ့် ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားရဲ့ စစ်ပွဲ နောက်ပိုင်းမှာတော့ သဘောထား ပြောင်းလဲလာပြီး NATOနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဆွီဒင်ကတော့ NATOနဲ့ ပူးပေါင်းရေးအတွက် စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ဧပြီ ၄ ရက်က NATOရဲ့ ဌာနချုပ် စခန်းမှာ ဖင်လန်နိုင်ငံရဲ့ အဖြူနဲ့ အပြာရောင်တွေ ရောစပ်ထားတဲ့ အလံကို လွှင့်တင်ခဲ့ပါတယ်။ အခုဆိုရင် ဖင်လန်ဟာ NATOရဲ့ ၃၁ ခုမြောက် အဖွဲ့ဝင် နိုင်ငံ ဖြစ်လာပါတယ်။

NATOရဲ့ ဦးဆောင်နိုင်ငံဖြစ်တဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပူတင်ဟာ အိမ်နီးချင်း ယူကရိန်းအပေါ် ကျူးကျော် စစ်ပြုခဲ့ခြင်းနဲ့အတူ သူကိုယ်တိုင် မဖြစ်ချင်တဲ့ ကိစ္စတွေ ဖြစ်လာအောင် ဖန်တီးလိုက်တဲ့ သဘောပဲလို့ ပြောကြားသွားပါတယ်။

ဖင်လန်ဟာ ရုရှားနဲ့ ကီလိုမီတာ ၁၃၄၀ လောက် ရှည်လျားတဲ့ နယ်စပ်မျိုး ထိစပ်နေတဲ့ နိုင်ငံဖြစ်တာကြောင့် အခုဆိုရင် NATOက ရုရှားကို ထိစပ်ဝန်းရံထားတဲ့ နယ်နိမိတ်က နှစ်ဆလောက် ပိုများလာပါပြီ။

ဖင်လန် အစိုးရဟာ အဖွဲ့ဝင် နိုင်ငံတခု ကျူးကျော်စစ်ပြုတာ ခံရရင် ပါဝင်ကူညီ တိုက်ခိုက်ပါ့မယ်ဆိုတဲ့ NATO သဘောတူညီမှု အပိုဒ် ၅ ကို လက်ခံကြောင်း ကတိကဝတ် ပြုခဲ့ပါတယ်။ ဖင်လန်မှာ အင်အား ၃၀၀၀၀ လောက်သာ ရှိပေမယ့် ခေတ်မီ စစ်လက်နက်တွေ တပ်ဆင်ထားပြီး စနစ်တကျ လေ့ကျင့်ထားတဲ့ စစ်တပ်မျိုး ပိုင်ဆိုင်နေပါတယ်။ တကယ်လို့ လိုအပ်လာရင် အသင့်ဆင့်ခေါ်နိုင်တဲ့ အရန်အင်အားကလည်း ၂၅၀၀၀၀ လောက် ရှိနေပါသေးတယ်။

တဖက်မှာလည်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူက NATOရဲ့ အင်အား ဖြန့်ကျက်မှုကို တုံ့ပြန်တဲ့ အစီအမံ အနေနဲ့ အိမ်နီးချင်း ဘီလားရုစ် နိုင်ငံမှာ နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ Iskander-M တာတိုပစ် ပဲ့ထိန်း ဒုံးကျည် စနစ်တွေ ဖြန့်ကျက် ထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဘီလားရုစ်မှာ ရုရှားရဲ့ မဟာဗျူဟာ နျူကလီးယား လက်နက်တွေ အခြေစိုက်စေမယ်လို့ ထုတ်ပြန်ပြီး ရက်ပိုင်း အကြာမှာ ရွှိုင်ဂူက လက်နက် အမျိုးအစားကိုပါ ထုတ်ဖော် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Ref: BBC