ဧပြီ၊ ၅
ကမ္ဘာပေါ်မှာ အမြင့်ဆုံး လုပ်ခလစာမျိုး ပေးချေပြီး အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် တခုက ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနားကို ဦးဆောင်ပြီး ချန်ပီယံဆု ရယူပေးခဲ့သူ မက်ဆီဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီ အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုထားပါတယ်။ သူ့ရဲ့ စာချုပ်ဟာ နောက်ထပ် လပိုင်းအလို လက်ရှိ ဘောလုံးရာသီ အကုန်မှာ ပြီးဆုံးမှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မက်ဆီက ငြင်းဆန်ထားတယ်လို့ သိရပါတယ်။
ဒီအခြေအနေမှာ ဆော်ဒီရဲ့ ပရိုလိဂ် အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အယ်လ်ဟီလယ်လ် အသင်းက မက်ဆီကို တနှစ်လုပ်ခ စာတလင်ပေါင် သန်း ၃၅၀ နဲ့ ကမ်းလှမ်းလာကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီ သတင်းတွေ မှန်ကန်ရင်တော့ မက်ဆီဟာ ခါးသီးပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် လုပ်ခလစာ ၂ ဆနီးပါး ပိုရမယ့် သဘောပါ။
ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နက်ဆာနဲ့ တစ်နှစ်လုပ်ခ စတာလင်ပေါင် ၁၇၇ သန်းတန် စာချုပ်ကို လက်မှတ်ရေးထိုးထားပါတယ်။ မက်ဆီဟာ အယ်လ်ဟီလယ်လ်ကို ရွေးချယ်ခဲ့မယ် ဆိုရင်တော့ မျိုးဆက်တခုစာအတွင်း အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကစားသမား နှစ်ဦးစလုံး ဆော်ဒီကို ရောက်သွားမယ့် သဘောပါပဲ။
ဒါပေမဲ့ ၃၆ နှစ် ပြည့်ဖို့ လပိုင်းသာ လိုတော့တဲ့ မက်ဆီက အယ်လ်ဟီလယ်လ်ကို ဦးစားပေး မရွေးချယ်သေးဘဲ ဥရောပ ဘောလုံးလောကမှာ ဆက်ပြီး အခြေချဖို့ အဓိက စဉ်းစားနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အစောပိုင်းမှာ သူ့ရဲ့ ကစားသမား ဘဝမှာ အအောင်မြင်ဆုံး ကာလတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ စပိန်ကလပ် ဘာစီလိုနာကလည်း မက်ဆီကို ပြန်ခေါ်ယူနိုင်ခြေနဲ့ ပတ်သက်လို့ ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အတည်ပြုသွားပါတယ်။
Ref: Goal