ဧပြီ၊ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊မောက်မယ်မြို့နယ်အတွင်း နှစ်ဘက် တိုက်ပွဲတွေဖြစ်နေတာဟာ နယ်မြေကျူးကျော် လာ လို့ ဖြစ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အ ဖွဲ့ချုပ် PNLO/PNLA တို့အပြန်အလှန်စွပ်စွဲနေကြပါတယ်။
အဲ့ဒီတပ်ဖွဲ့နှစ်ခုဟာ မောက်မယ်မြို့နယ်၊ကဒူးကြီးကျေးရွာအုပ်စုအတွင်းမှာ မတ်လကုန်ပိုင်းက နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ကြသလို အခုလ ၃ရက် မနေ့ကလည်း တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။
မနေ့ကတိုက်ပွဲမှာ PNLO/PNLA ဘက်က ဒဏ်ရာရသူတွေရှိခဲ့ပြီး ပြန်ဆုတ်ခွာသွားလို့ ဒီကနေ့မှာတော့ စစ်ရေး အခြေအနေငြိမ်သက်နေတယ်လို့ RCSS တပ်ဖွဲ့ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံက DNA ကိုပြောပါတယ်။
“သူတို့ ဆုတ်သွားပြီးတဲ့နောက်ပိုင်း တိုက်ပွဲနေရာကိုကျွန်တော်တို့ရှင်းလင်းတဲ့ နေရာမှာ သူတို့စစ်အသုံးအဆောင် ပစ္စည်းတွေလည်း သိမ်းဆည်းရမိတာ ရှိတယ်၊ကျွန်တော်တို့ ရှိတဲ့နေရာကို သိသိနဲ့ လာတိုက်တာဟာ ရည်ရွယ်ချက် ရှိရှိနဲ့ လာတိုက်တယ်လို့ ယူဆတယ်၊သူတို့က ၆၀ မမမော်တာကျည်တွေ သုံးတယ်၊ RPG တွေ သုံးတယ်၊ လက် နက်ကြီးတွေ သုံးတယ်ဆိုတော့ကာ သူတို့က တမင်သက်သက် လာတိုက်တာ”လို့ သူက ပြောပါတယ်။
မနေ့ကတိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ဘက်က သတင်းထုတ်ပြန်ချက်မှာ RCSS/SSA တပ်စခန်းကို PNLO/PNLA ဘက်က လာရောက်တိုက်ခိုက်လို့တိုက်ပွဲဖြစ်ခဲ့တာလို့ဖော်ပြထားပါတယ်။
ဒါ့အပြင် PNLO/PNLA တပ်ဖွဲ့ဟာ RCSS ထိန်းချုပ်နယ်မြေထဲ ကျူးကျော်ဝင်ရောက်တာကြောင့် မကြာခဏ ထိ တွေ့ပစ်ခတ်မှုတွေဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။
အလားတူ PNLO/PNLA ဘက်ကလည်း သူတို့ရဲ့ထိန်းချုပ်နယ်မြေထဲကို RCSS/SSA တပ်တွေက မတ်လကုန်ပိုင်း ကစလို့ စတင်ဝင်ရောက်လာကာ စစ်ပွဲဖန်တီးနေတာလို့ ထုတ်ပြန်ထားပါတယ်။
RCSS/SSA တပ်တွေဟာ ဧပြီလ ၁ရက်နဲ့ ၂ရက်တွေမှာ အင်အားဖြည့်တင်းပြီး ဧပြီလ ၃ရက်မှာ အင်အား နှစ်ရာ ဝန်းကျင် နဲ့ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသက PNLO/PNLA တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့တာလို့ PNLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ရှမ်းပြည်နယ်တေင်ပိုင်းက ပအိုဝ်းဒေသခံတဦးကတော့ လက်ရှိ RCSS နဲ့ PNLO တပ်တွေကြား ပိုင်နက်အငြင်း ပွားနေတဲ့ ဒေသဟာ ရှမ်းနယ်နဲ့ ပအိုဝ်းဒေသအစပ်နယ်မြေဖြစ်ပြီး PNLO တပ်တွေ အဲ့ဒီဒေသမှာအခြေပြုနေတာ တနှစ်ကျော်လောက်ရှိပြီလို့ ပြောပါတယ်။
RCSS နဲ့ PNLO တပ်ဖွဲ့နှစ်ခုလုံးဟာ ၂၀၁၅ခုနှစ်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)ကိုလက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်းရှိ ခဲ့ကြပါတယ်။
ဒါပေမယ့် PNLO အဖွဲ့ရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ ခွန်မြင့်ထွန်းကတော့ လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း ပေါ် ပေါက်လာတဲ့ ပအိုးဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)မှာ ဥက္ကဌတာဝန်ယူထားပြီး အမျိုးသားညီညွတ် ရေးအ တိုင်ပင်ခံကောင်စီ NUCC မှာလည်းပါဝင်ဆောင်ရွက်နေတာပါ။
RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်ကတော့ အာဏာသိမ်းကာလအစောပိုင်းမှာ စစ်ခေါင်းဆောင်မင်း အောင်လှိုင်ကို လူသိရှင်ကြားဝေဖန်ပြောဆိုမှုတွေလုပ်ခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်း ရှိနေပြီး PDF နဲ့ စစ်ကောင်စီတို့ကြား ပဋိပက္ခမှာလည်း ဝင်ပါမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
ဒီအတောအတွင်း RCSS တပ်ဖွဲ့ဟာ မတ်လဆန်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်းမှာ နောက်ထပ် ရှမ်းလက်နက်ကိုင်တပ်တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
SSPP ၊ PNLO တို့နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ RCSS ရဲ ထုတ်ပြန်ချက်တွေမှာ အပြန်အလှန် နားလည် မှုရှိဖို့နဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းခဲ့ပေမယ့် တဘက် အဖွဲ့တွေက စတင် တိုက်ခိုက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ခဲ့တဲ့ PNLO/PNLA ဥက္ကဌ ခွန်သူရိန်ဆီကိုလည်း ပြဿနာတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အကြောင်းကြားစာပေးပို့ကမ်းလှမ်းထားပေမယ့် ပြန်လည်ဖြေကြားမှုမရှိသေးခင် RCSS တပ်စခန်းကို လာရောက် တိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။
နှစ်ဘက် စစ်ရေးတင်းမာမှုအခြေအနေနဲ့ပတ်သက်လို့ PNLO/PNLA ဘက်ကို DNA ကဆက်သွယ်မေးမြန်းဖို့ကြိုး စားပေမယ့်အဆက်အသွယ်မရသေးပါဘူး။