ဧပြီ၊ ၄
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း စစ်အုပ်စုခန့် ရပ်ကွက် အုပ်ချူပ်ရေးမှူး ၃ ဦးရှင်းလင်းခံခဲ့ရသလို စစ်အုပ်စုအဖွဲ့လည်း ၂ ကြိမ် ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်တွေနဲ့ မြေပြင်ပျောက်ကြားအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း မန္တလေးမှာ စစ်အုပ်စုနဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးဆိုသူတွေ ဆက်တိုက်ဆိုသလို ရှင်းလင်းခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အနီးကပ်ဆုံးဖြစ်စဉ်အနေနဲ့ မနေ့က မနက်ပိုင်းမှာ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးစိုးမင်းဟန်ဆိုသူနဲ့ သူရဲ့တပည့် မျိုးဆန်းဦးဆိုသူ နှစ်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
စစ်အာဏရှင်ဆန့်ကျင့်ရေး လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ အောင်စည်တော် စစ်ဆင်ရေးအဖွဲ့က ၁၃၁ လမ်း ၊၅၃ လမ်းကြားနဲ့ ၅၄ လမ်းကြားရှိ လန်ဒန်ဆေးခန်းရှေ့မှာ အဲဒီလူ နှစ်ဦးကို ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် မတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး ဆိုသူ နှစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသေးပါတယ်။
အဲဒီနေ့ နေ့ခင်း ၁ နာရီလောက်က ချမ်းမြသာစည်မြို့နယ် ဦးပွားဂုံးကျော်တံတား အဆင်းရှိ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးအနီးမှာ ချမ်းမြသာစည်(တောင်) ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးစိုးနိုင်ဆိုသူ ဆိုင်ကယ်စီးလာစဉ် ပစ်သတ်ခံရလို့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာတော့ ချမ်းမြသာစည်မြို့နယ် ၊ထွန်းတုံးရပ်ကွက် ရာအိမ်မှူး ဦးဆန်းအောင်ဆိုသူ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်ကို မန္တလေး မြို့ပြပျောက်ကြားအဖွဲ့တွေစုဖွဲ့ထားတဲ့ AST- MDY အဖွဲ့က သူတို့လုပ်ဆောင်တာဖြစ်သလို သေနတ်တလတ်နဲ့ ပိုက်ဆံ၊ ဖုန်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထား ကြပါတယ်။
အလားတူပဲ အမရပူရမြို့နယ် စိတ်ကျန်းမာရေး ဆေးရုံအနီး စစ်အုပ်စုရဲ့ ခုနှစ်မိုင် ထုံးဘို စစ်ဆေးရေးဂိတ်အနီးမှာ မနေ့က မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စစ်အုပ်စုဖက်က ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ အဲဒီအနီးအနားက ကျေးရွာတွေက ဒေသခံတွေက ပြောပါတယ်။
မနေ့က ဧပြီလ ၃ ရက်မနက် ၁၀ နာရီလောက်မှာ စစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေနဲ့ ရဲတွေ ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်ဆေးရေးအဖွဲ့ကို မိုင်းထောင်ဖောက်ခွဲခံရခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
” ယာဉ်ထိန်းရဲတွေကားတွေ ဆိုင်ကယ်တွေ စစ်နေချိန် ဗုံးကွဲသွားတာလို့ကြားတယ်။ အသံအကျယ်ကြီးလည်းကြားလိုက်တယ်။ သစ်ပင်အောက် ပေါက်သွားတာပါ။ ၅ ယောက်တော့ ထိတယ်ပြောကြတာပေါ့။ အဲနားကတော့ အရင်ကအခုလို မဖြစ်ဖူးသေးဘူး ဒါပေမယ့် ပြီးခဲ့တဲ့လတုန်းကတော့ အဲဒီလမ်းပေါ် စစ်အုပ်စုကား မိုင်းဆွဲခံရတာတော့ရှိပါတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပက်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေဖက်ကကော စစ်အုပ်စုဖက်ကပါ နှုတ်ပိတ်နေတဲ့အတွက် ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ DNA ကရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ကလည်း ကျွဲဆည်ကန်ကားကြီးကွင်းအနီး၊ (၇၅)လမ်းနှင့် (၁၁၅)လမ်းထောင့်ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်အစောင့် တွေဗုံးထုတိုက်ခိုက်ခံခဲ့ရပါသေးတယ်။ အောင်စည်တော်စစ်ဆင်ရေး- မန္တလေး (AST-MDY) က အဖွဲ့က သူတို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်ချက်နဲ့ အစိုးရဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီထောက်ခံသူပေါင်း ၅၄၄၃ ဦးသေဆုံး၊ ဒဏ်ရာရ ၄၅၇၇ ဦးရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Social Media