ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့ အသုံးအဆောင်တွေကို ခင်ဦးပကဖသိမ်းဆည်း

ဧပြီ၊ ၄

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနား လမ်းပေါ်မှာ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က စစ်ကောင်စီတပ်တွေရဲ့အသုံးအဆောင်တွေကို ဧပြီ ၃ ရက် မနက်ပိုင်းက သိမ်းဆည်းခဲ့ပါတယ်လို့ သိရပါတယ်။
 
“ ရွှေဘိုမြစ်ကြီးနားလမ်းပေါ်က ရွှေကချင် မုံရွာ-မြစ်ကြီးနား အမြန်မှန်လုံကားပေါ်မှာ ရဲဝတ်စုံတွေ စကားပြောစက်တွေနဲ့ စစ်အသုံးအဆောင်တွေကို ဖမ်းမိရခဲ့တာဖြစ်တယ် ’’ လို့ ခင်ဦးဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်း က DNA ကိုပြောပါတယ်။
 
အဆိုပါခရီးသည်တင်ယာဉ်ပေါ်မှာ ပါတဲ့ ကားသမားနဲ့ ခရီးသည်တွေကို စစ်ဆေးပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
“ သဘောက သူတို့က အထုပ်တွေကို ရှေ့ကားမှာတင်ပီး နောက်ကားကနေ လိုက်တဲ့သဘောပဲ။ လူတွေကိုတော့ မမိလိုက်ဖူး ” လို့လည်း သူကဆိုပါတယ်။
 
အဆိုပါလမ်းပိုင်းပေါ်မှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီဒေါက်တိုင် စီးပွါးရေးလုပ်ငန်းဖြစ်တဲ့ ဒဂုံဘီယာတွေ တင်ဆောင်လာတဲ့ ကားကို ဖမ်းဆီးပြီး သိမ်းဆည်းရမိပစ္စည်းတွေကို နေရာမှာတင် ဖျက်စီးပြီး ကားသမားကို ပြန်လွှတ်ပေးခဲ့ပါသေးတယ်။
 
ခင်ဦးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေငြာထားပေမယ့် ဒေသတွင်းနယ်မြေတွေရဲ့ ၇ဝ ရာခိုင်းနှုန်းကို ဒေသကာကွယ်ရေးတပ်တွေက စိုးမိုးထားတယ်လို့ ခင်ဦးမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးတဲ့နောက် ခင်ဦးမှာတော့ ရွာပေါင်း ၆၆ ရွာက ဒေသခံနေအိမ် ၄၀၀၀‌ ကျော်ကို စစ်ကောင်စီက မီးရှို့ခဲ့ပါတယ်။

ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး