အင်းတော်ကလူငယ်တဦးကို စစ်ခုံရုံးက PDF နဲ့ပက်သက်တဲ့ စွပ်စွဲချက်နဲ့ ထောင်တသက်ချမှတ်

ဧပြီ၊ ၄

စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချူပ်ရေး ကြေညာခံထားရတဲ့ အင်းတော်မြို့ရှိ စစ်ခုံရုံးက အသက် ၂၄ နှစ်အရွယ် လူငယ်တဦးကို ဒေသကာကွယ်ရေး တပ်မတော် (PDF) တွေနဲ့ ပက်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ Indaw Revolution – IR အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဧပြီလ ၁ ရက်နေ့က စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်ကလေးရွာမှ အသက်၂၄နှစ်အရွယ် ကိုအေးမင်းထွန်း ဆိုသူကို စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ၊ ၅၂(က) တို့နဲ့ တရားစွဲပြီး အမိန့်ချမှတ်လိုက်တာပါ။
 
” စစ်ကောင်စီတပ်က PDF အဆောင်ယောင်စစ်နေတာကို သူက စကားသွားပြောလိုက်တယ်၊ သူထောက်ပို့တဲ့ အဖွဲ့တွေ ဘယ်နားမှာလည်း မေးလိုက်တာပါ။ အဲဒီမှာ အဓိကတော့ သူ့ကို PDF တွေကိုထောက်ပံ့ပေးတယ် ကူညီပေးတယ် ပစ္စည်းတွေပို့ပေးတယ်ဆိုပြီး ထောင်ချလိုက်တာပါ။ သူက PDF တော့မဟုတ်ဘူး သာမန်ပြည်သူပါပဲဗျ။ ရှေ့နေလည်း ငှားခွင့်မရှိဘူး မိသားစုနဲ့လည်း တကြိမ်ပဲ တွေ့ခွင့်ရလိုက်တယ် ” လို့ Indaw Revolution – IR အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ကိုအေးမင်းထွန်းကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မတ်လ၅ရက်နေ့မှာ နားရခေါင်ရွာအနီး စစ်ဆေးဂိတ်တခုမှာ ဖမ်းဆီးခဲ့တာပါ။ စစ်အုပ်စုက သူကို ဖမ်းဆီးချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီး ပုံမှားရိုက်ဖမ်းဆီးခဲ့တာလို့ သူကဆိုပါတယ်။
 
အင်းတော်မြို့က စစ်ခုံရုံးက လူငယ်တဦးကို အခုလိုမျိုးထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ကမ်းနီရွာသားတဦးဖြစ်တဲ့ ကိုမင်းမင်းဦး ဆိုသူကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အင်းတော်မြို့ပေါ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးပြီး အခုလိုပဲ ထောင်ဒဏ်တသက်ချမှတ်ခဲ့ပါသေးတယ်။
 
အဲဒီတုန်းကလည်း အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းဦးကို စစ်ခုံရုံးက ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၂၀ အတွင်းမှာ ယခုကဲ့သို့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး အမှုနဲ့ ပတ်သက်ပြီး ခုခံချေပခွင့်မရခဲ့ပါဘူး။
 
အလားတူပဲ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အင်းတော်မြို့ရှိ CDM အလယ်တန်းပြဆရာမ တဦးအပါအဝင် ဒေသခံ ၅ ဦးကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
 
” စစ်ခုံရုံးကတဆင့် စစ်ဆေးမယ်ဆိုရင် အခုလိုပဲကြားနေရအုန်းမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က သူတို့ကို ဆန့်ကျင်နေတဲ့လူတွေကို ဖိနှိပ်ပြမယ်ရက်စက်ပြချင်တာကိုဗျ။ အမှုတွေက ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ဆိုတာ ဘယ်နည်းနဲ့မှာ ဖြစ်မှာမဟုတ်ဘူး ” လို့ တရားရေးနဲ့ နီးစပ်သူတဦးက သုံးသပ်ပါတယ်။
 
စစ်တပ်ကအာဏာသိမ်းပြီးအချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်အထိ ၃၂၀၆ ဦးသေဆုံး၊ ဖမ်းဆီးခံရသူ ၁၇၃၀၃ ဦး၊ ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၄၉၃ ဦး၊ပြန်လည်လွတ်မြောက်သူ ၃၈၄၄ ဦး၊ သေဒဏ်ချပြီးထိန်းသိမ်းထားသူ ၁၀၈ ဦးနဲဲ့ မျက်ကွယ်သေဒဏ်စီရင်ခံထားရသူ ၄၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Fifty Two Media