ဧပြီ၊ ၄
#မောင်စီးပွား
မြန်မာပြည်ဈေးကွက်တွင် လျှပ်စစ်ကားများ အလုပ်ဖြစ်မည်လောဆိုသည်မှာ အငြင်းပွားနေကြဆဲ ကိစ္စတစ်ခုဖြစ်သည်။ မကြိုက်သူများက အနုတ်လက္ခဏာဆောင်သည့်ဘက်မှ ထောက်ပြဝေဖန်ကြသလို ကြိုက်သူများကလည်း သာသာထိုးထိုးအမွှမ်းတင်ကြရင်းဖြင့် လျှပ်စစ်ကားနှင့်ပတ်သက်သည့် အရှိတရားမှာ မျက်ကွယ်ပြုခံနေရသည့်အဖြစ်သို့ ရောက် လျက်ရှိသည်။
လျှပ်စစ်ကားနဲ့ပတ်သက်၍ အကျိုးအပြစ်ကို တွက်ချက်မည်ဆိုလျှင် မေးခွန်းများကပေါ်လာသည်။ အဘယ်ကြောင့် လျှပ်စစ်ကားကို သုံးစွဲလိုကြသနည်း။ လျှပ်စစ်ကားများသည် မြန်မာပြည်အခြေအနေနှင့် သင့်လျော်ပါ၏လော။ ဈေးကွက်တွင် အလုပ်ဖြစ်နိုင်ပါမည်လောဆိုသည့် မေးခွန်းများမှာ အဓိကျသည့် မေးခွန်းများဖြစ်လာသည်။
▪မြန်မာနှင့် လျှပ်စစ်ကားစီမံချက်
စစ်ခေါင်းဆောင်၏ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများကို ပြန်ကြည့်လျှင် စက်သုံးဆီချွေတာရေးအတွက် လျပ်စစ်ကားနှင့် လျှပ်စစ်ရထားကို အစားထိုးသုံးစွဲမည်ဆိုသည့် စကားကို မကြာခဏကြားခဲ့ရသည်။ ထို့ကြောင့် လျှပ်စစ်ကားကို စက်သုံးဆီချွေတာရေးအတွက် သုံးစွဲလိုသည်ဟု ယူဆရပေသည်။
ကနဦးအနေဖြင့် စစ်ခေါင်းဆောင်က လျှပ်စစ်ကားစီမံချက်အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကုမ္ပဏီ ၂၆ ခုကို လျှပ်စစ်ကားတင်သွင်းခွင့် ပြုခဲ့သည်။ ကနဦး စမ်းသပ်ကာလသည် ယခု ၂၀၂၃ ခုနှစ် နှစ်ကုန်အထိဖြစ်လေသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် လျှပ်စစ်ကား အစီးရေ ၄၀ ၊ မတ်လ ၃ ရက်တွင် ၄၉ စီး ၊ မတ်လ ၃၀ ရက်တွင် ၈ စီး ရောက်ရှိလာသည်။ စစ်ခေါင်းဆောင်နှင့်ကျောချင်းကပ်ထားသည့် တရုတ်ကုမ္ပဏီ BYD ထုတ် တရုတ်ကားများသာ ဖြစ်သည်။ ထိုကာလအတွင်း လျှပ်စစ်ကားအတွက် Charging Station များကို တည်ဆောက်ခဲ့သည်။ ရန်ကုန်ဘူတာကြီး၊ အလုံ၊ သခင်မြပန်းခြံ၊ အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေး၊ နေပြည်တော် သပြေကုန်းဈေးတို့တွင် Charging Station များကို တည်ဆောက်ရန် စီစဉ်လျှက်ရှိပြီး တချို့မှာဆောက်လက်စ၊ တချို့မှာ ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။
▪ကျပ်သိန်းထောင်ချီတဲ့ လျှပ်စစ်ကားဈေးနှုန်း
လျှပ်စစ်ကားတစီးတန်ဖိုးမှာ မြန်မာပြည်တွင် ကျပ်သိန်း ၇၀၀ မှ ကျပ် သိန်း ၁၀၀၀ နီးပါးဖြစ်သည်။ BYD Dolphin မှာ ကျပ်သိန်း ၇၀၀ ဖြစ်ပြီး BYD Autto-3 တစီး၏ တန်ဖိုးအတိအကျမှာ ကျပ် ၉၉၉ သိန်းဖြစ်သည်။ ဤဈေးနှုန်းသည် မြန်မာပြည်ဈေးကွက်အတွက်မှု အင်မတန်ကြီးမြင့်သော ဈေးနှုန်းဟုဆိုရမည်ဖြစ်သည်။ ကုမ္ပဏီများ၏ လျှောက်ထားရသည့် လုပ်ပိုင်ခွင့်ပါမစ်၊ တင်သွင်းခွင့်ရရှိသည့်ခွဲတမ်း စသည့်ကိစ္စတို့တွင် အစဉ်အလာအတိုင်း လက်ဝါးချင်းရိုက် ကြိုးနီစနစ်က ဖြစ်ထွန်းလျက်ရှိသည်။ ကုမ္ပဏီတွေ၏ မတော်လောဘနှင့် ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကလည်း လျှပ်စစ်ကား ဈေးနှုန်းကိုပို၍ မြင့်စေသည်။ ထို့ကြောင့် လျှပ်စစ်ကား ဈေးနှုန်းက မိုးထိုးသွားသည်။ လျှပ်စစ်ကားကို အများသူငါအတွက် ရည်ရွယ်သလော၊ သို့မဟုတ် မည်သည့်လူတန်းစားအတွက် ရည်ရွယ်သည်ဆိုသည်ကို ဆန်းစစ်ရန်လိုပေသည်။ လျှပ်စစ်ကားကို ငွေကြေးတတ်နိုင်သည့် လူတန်းစားတရပ်အတွက်သာ ရည်ရွယ်သည်ဆိုပါက နိုင်ငံအတွင်းရှိ ပြည်သူအများစု စားဝတ်နေရေးကြပ်တည်းနေချိန်၊ နိုင်ငံ့စီးပွားရေးထိုးဆင်းနေချိန်၊ နိုင်ငံအတွင်း အလုပ်လက်မဲ့များ၍ ပြည်ပသို့ လူငယ်တွေအလုံးအရင်းထွက်ခွာအလုပ်လုပ်နေရချိန် အဘယ့်ကြောင့် အခွန်လျှော့ပေးသနည်းဟု ပြန်လည်သုံးသပ်ရန်လိုပေသည်။
အထူးသဖြင့် နိုင်ငံကစီးပွားရေးကျပြီး ပြည်သူလူထု စားဝတ်နေရေးခက်ခဲနေချိန်တွင် စစ်ခေါင်းဆောင်၏ နိုင်ငံတော်အဆင့်မူဝါဒသည် ကောင်းကျိုး ဖြစ်ထွန်းပါမည်လော။
▪မလွှဲရှောင်နိုင်တဲ့ရာသီဥတု
အမှန်တွင် ရာသီဥတုဟုဆိုသော်လည်း မြို့ပြစီမံခန့်ခဲမှု အားနည်းချက်ဟု ဆိုရမည်ဖြစ်သည်။ လျှပ်စစ်ကား များသည် ရန်ကုန်နှင့် နေပြည်တော်လမ်းများတွင် အဓိက မောင်းနှင်ကြရမည်ဖြစ်သည်။ လူသူကျဲပါးပြီး တစ်နာရီလျှင် ကားအနည်းမျှသာဖြတ်သွားဖြတ်လာလုပ်ကာ လမ်းပေါ်ရေမတင်သည့် နေပြည်တော်လမ်းမများ ပေါ်တွင် လျှပ်စစ်ကားများကား အဆင်ပြေနိုင်ပါလိမ့်မည်။ ရန်ကုန်လမ်းမများအတွက်မူ စဉ်းစားစရာဖြစ်သည်။ ရန်ကုန်သည် မိုးတွင်းဆိုလျှင် လမ်းပေါ်ရေရောက်သည်မှာမှာ တမြို့လုံးနီးပါးဖြစ်သည်။ မိုးများသည် ရက်များတွင် သမိုင်း၊ ဗိုလ်တထောင် ၊ တာမွေမှသည် ရန်ကုန်တမြို့လုံးနီးပါး ရေလွှမ်းနေလေ့ရှိသည်။ ဤသို့သော မိုးတွင်းအချိန်အခါတွင် လျှပ်စစ်ကားများသည် သင့်လျော့်ပါ၏လား မေးခွန်းထုတ်ဖွယ်ပင်ဖြစ်သည်။
▪ဘတ္တရီနှင့် Charging Station
လျှပ်စစ်ကားများ၏ အဓိကပြဿနာမှာ ဘတ္ထရီဖြစ်သည်။ လျှပ်စစ်ကားသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုသည်ဖြစ်ရာ ဘတ္ထရီကအရေးကြီးသည်။ လျှပ်စစ်ကားတစ်စီးကို ကီလိုတစ်သိန်းခွဲ သိုမဟုတ် ၈ နှစ် အာမခံပေးထားသည်ဟုဆိုသည်။ သို့သော်လည်း လျှပ်စစ်ကားတွင် အပျက်များသည်မှာ ဘတ္ထရီသာဖြစ်သည်။ ဘတ္ထရီသည် ရုတ်ချည်းမပျက်သော်လည်း နှစ်ကြာလာ၍ ပျက်ပြီဆိုလျှင် ကားတစ်စီး၏ ၇၅ ရာခိုင်နှုန်းမျှ တန်ကြေးရှိပေသည်။ ထို့ကြောင့် အစားထိုးရန် မလွယ်။ ဘတ္ထရီမကောင်းလျှင် အသစ်ဝယ်လိုက်သည်က ပိုစိတ်ချရသည့် သဘောပင်။ ပညာရပ်ပိုင်းဆိုင်ရာဖြစ်၍ ပညာရှင်များက ပိုနားလည်ကြမည်သာ ဖြစ်ပါသည်။ ဥပမာဖြင့် ဆိုရလျှင် ဖုန်းဘတ္ထရီကဲ့သို့ပင်ဖြစ်သည်။ စဝယ်စ အသစ်တွင် ၁၀၀ ရာခိုင်နှုန်းပြည့်ကောင်းသည့် ဘတ္ထရီဖြစ်သော်လည်း သက်တမ်းကြာလာသည့်နှင့်အမျှ ဘတ္ထရီ၏စွမ်းဆောင်ရည်မှာ လျော့နည်းလာသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ ပို၍ရှင်းလင်းသော ဥပမာဖြင့်ဆိုရလျှင် ဖုန်းအသစ်တလုံး အားပြည့်ဖို့ ၁ နာရီအားသွင်းပြီး ၈ နာရီသုံးနိုင်သည်ဆိုပါစို့။ သက်တမ်း ၂ နှစ်ကြာသောအခါ ဖုန်းအား ၁၀၀ ရာခိုင်နှုန်းပြည့်ဖို့ ၃ နာရီကြာ အားသွင်းရပြီး ၅ နာရီသာ ဖုန်းသုံးနိုင်သည့် သဘောမျိုးဖြစ်သည်။ လျှပ်စစ်ကားသည်လည်း ထိုနည်းတူဖြစ်သည်။
နောက်တစ်ချက်မှာ အားသွင်းရသည့် အခက်အခဲပင်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ မီးမမှန်သည့်နိုင်ငံတွင် လျှပ်စစ်ကားကို အားသွင်းရန်မှာ မဟာဒုက္ခကြီးဖြစ်သည်။ Charging Station များ ပေါပေါများများမရှိသေး။ ရှိသည့် Charging Station တွင် မီးပျက်နေပါက ဆိုလာဖြင့် အားသွင်းရမည်လော၊ လေအားလျှပ်စစ်ဖြင့် အားသွင်းရမည်လော၊ တခြားနည်းဖြင့်လော။ ရွေးချယ်စရာက များများစားစားမရှိပေ။ နောက်တစ်ချက် မဖြစ်မနေ့ထည့်သွင်းစဉ်းစားရမယ်မှာ လျှပ်စစ်ကားများ အားသွင်းချိန်တွင် ဘတ္ထရီမှစ၍ မီးလောင်ပေါက်ကွဲတတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မီးထမလောင်စေရန် မည်သို့သော အစီအမံများ ပြုလုပ်ထားပြီနည်းဟု မေးခွန်းများလည်း ရှိလာသည်။
ဤအချက်များသည်လည်း ပြည်တွင်းဈေးကွက်တွင် လျှပ်စစ်ကား တွင်ကျယ်မှုရှိမရှိ ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။
▪နောက်ကွယ်က စီးပွားရေးလော်ဘီများ
ဤသို့သော အချက်အလက်များရှိပါလျှက်နှင့် အဘယ့်ကြောင့် လျှပ်စစ်ကားမှ လျှပ်စစ်ကားဖြစ်နေကြသနည်း။ အဓိကမှာ အကျိုးစီးပွားအတွက်ကြောင့်သာဖြစ်သည်။
အာဏာရှိသူများနှင့်ပေါင်း၍ လော်ဘီလုပ်ကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်စားကြသူများမှာ နိုင်ငံရေးနယ်ပယ်တွင် ရှိသကဲ့သို့ စီးပွားရေးနယ်ပယ်တွင်လည်း အများအပြားပင်ဖြစ်သည်။ စစ်ခေါင်းဆောင်က လျှပ်စစ်ကားစီမံကိန်းလုပ်ဆောင်မည်ဟု ပြောခြင်းသည် သူ့အကြောင်းနှင့်သူဖြစ်သည်။ အဓိကမှာ အာဏာသိမ်းထားသည့် သူ့လက်ထက်တွင် မြန်မာပြည်သူတွေကို လျှပ်စစ်ကားနှင့် မိတ်ဆက်ပေးခဲ့လိုသည်။ သမိုင်းတွင် သူသည် နိုင်ငံအကျိုးအတွက် လျှပ်စစ်ကားစီမံချက်ကို စတင်ခဲ့သူဖြစ်လိုသည်။
စစ်ခေါင်းဆောင် ဗောင်းတော်ညိတ်လျှင် စိတ်တော်သိကြရသည့် ဝန်ကြီးဝန်ကလေးများကလည်း သူတို့၏ ရာထူးအာဏာတည်မြဲရေးအတွက် လျှပ်စစ်ကား စီမံချက်ကို မငြင်းဆန်ဝံ့ဘဲ ဖော်ဆောင်လာကြရသည်။
ထိုဆန္ဒကို အမှီပြု၍ ကိုယ်ကျိုးစီးပွားအဓိက စီးပွားရေးလော်ဘီများက အမြတ်ထုတ်ကြခြင်းဖြစ်သည်။ ထိုသူများက လျှပ်စစ်ကားစီမံချက်ကို နည်းသင့်လမ်းသင့်မဟုတ်ပါဘဲ နိုင်ငံ့အခြေအနေ ၊ နိုင်ငံ့စီးပွားရေးနှင့် မကိုက်ညီပါဘဲ မဖြစ်ဖြစ်အောင် တွန်းအားပေး လုပ်ဆောင်ကြခြင်းသားဖြစ်သည်။ တပြိုင်တည်းတွင် လူမှုကွန်ရက်များတွင် လျှပ်စစ်ကားကောင်းကြောင်းပြောသူများ ရုတ်ချည်း များပြားလာသည်။ ထိုနောက် ကုမ္ပဏီများက လျှပ်စစ်ကားများကို ဈေးကြီးတင်၍ ပြည်တွင်း၌ ရောင်းချသည်။ အမြတ်ကြီးစွာရရှိရေး ကြိုးစားကြသည်။ လျှပ်စစ်ကားတင်သွင်းလိုသည့် ကုမ္ပဏီပေါင်း ၂၆ ခုအထိရှိသည်ကိုကြည့်လျှင် ဤအချက်တွေိကိုတွေ့မြင်နိုင်သည်။
လျှပ်စစ်ကားကို သုံးစွဲခြင်းအတွက် ကောင်းကျိုးဆိုးကျိုးများကို စေငုကြည့်သည့်အခါ – စက်သုံးဆီကို ချွေတာနိုင်သည်။ ရုပ်ကြွင်းလောင်စာအစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုသောကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချသည်။ ထို့ကြောင့် စက်သုံးဆီမလိုပေရာ စက်သုံးဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေး သက်သာမည်။ သို့သော်လည်း လျှပ်စစ်ကားတင်သွင်းမှုအတွက် နိုင်ငံခြားငွေက ကုန်မည်သာဖြစ်သည်။ လျှပ်စစ်ကားသည် ခေတ်ရှေ့ပြေးသည်။ အသံနှင့်ပင် ထိန်းချုပ်နိုင်သည်။ ခေတ်အကြိုက်ဖြစ်သည်။ တဖက်တွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ လျှပ်စစ်ကားကို အသုံးများကြသည်။ ထိုနိုင်ငံများတွင်မူ လျှပ်စစ်ကားအတွက် အခွန်ကိုလျှော့ချပေးထားသည်။
မြန်မာနိုင်ငံတွင်မူ အခွန်လိုအပ်ချက်ရှိပါလျက်နှင့် လျှပ်စစ်ကားတင်သွင်းမှုအတွက် အခွန်လျှော့ချသည်ဖြစ်ရာ နိုင်ငံအတွက် ရသင့်ရထိုက်သည့် အခွန်နစ်နာမှုဖြစ်လျက်ရှိသည်။ လူတစုထံမှ ရသင့်ရထိုက်သော အခွန်ကို မကောက်ဘဲ လျစ်လျူရှုခြင်းဖြစ်သည်။ ထိုအချက်သည် နိုင်ငံအတွက် နစ်နာခြင်းဖြစ်သည်။
တင်သွင်းရာတွင်လည်း တရုတ်ကုမ္ပဏီထုတ်ကားများကိုသာ တင်သွင်းနေကြခြင်းဖြစ်သည်။ တစ်ချိန်တုန်းကလည်း တရုတ်ထုတ် ချယ်ရီကားများကို အလုံးအရင်းဖြင့် တင်သွင်းခဲ့ကြဖူးသည်။ သို့သော်လည်း မည်မျှကောင်းသည်ပြောပါစေ ဈေးကွက်က ရေရှည်တွင်လက်မခံ၊ ထိုစဉ်ထိုအချိန်က တရုတ်ထုတ် ချယ်ရီကားများ ကောင်းပါသည်ဟုပြောသူများ ယခုအခါ တမျိုးပြောင်းပြောနေကြပြန်သည်။ နစ်နာသူမှာ သူတို့လော်ဘီစကားကိုယုံ၍ ဝယ်ယူသုံးစွဲကြသူများသာဖြစ်သည်။
လျှပ်စစ်ကားတင်သွင်းမှုသည် မြန်မာပြည်အမှောင်ခေတ်တုန်းကလုပ်ဆောင်ခဲ့သော ဗာဒံပင်ရိပ်အောက်မှာ မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်းများကို ပြန်အမှတ်ရစေသည်။ အေးသာယာဂျစ်များကို နိုင်ငံပိုင်ရုပ်သံများမှ မည်ရွေ့မည်မျှကောင်းပါကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြဖို့ ကြွေးကြော်ရင်း ပြည်ပမှ မော်တော်ကားအစိတ်အပိုင်းများကို မှာယူနေခဲ့ကြခြင်းဖြစ်သည်။ ရရှိလာသော အစိတ်အပိုင်းများကို ပြည်တွင်းမှာ တပ်ဆင်ကာဖြင့် မြန်မာပြည်ထုတ် ဂျစ်ကားတွေဖြစ်လာသည်။ အခုအခါ ထိုဂျစ်ကားတွေကို မည်သူသုံးလေသနည်း။
လျှပ်စစ်ကားများသည်လည်း ထိုနည်းတူပင်။ ရေခံမြေခံ၊ ဈေးကွက်အနေအထားနှင့် မကိုက်သေးချိန်။ သမိုင်းမှာ နာမည်ကောင်းလိုချင်သူ စစ်ခေါင်းဆောင်နှင့် အကျိုးအမြတ်အဓိက လော်ဘီသမားတွေနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား သုံးစွဲသူများကသာ ပဲလှော်ကြားဆားညှပ်ပြီး အကျိုးနည်းဖို့ရှိလေသည်။
ထိုက်သင့်သော အကျိုးအမြတ်သာရယူခြင်း ၊ Charging Station များ ပြည့်စုံခြင်း၊ အားသွင်းရန် လျှပ်စစ်မီးမှန် အောင်ပေးနိုင်ခြင်း၊ လျှပ်စစ်မီးမလာသော်လည်း အားသွင်းနိုင်သည့်စနစ်များ ပြည့်စုံစေခြင်း အစရှိသော လိုအပ်သည့် အထောက်အကူပြု Infrastructure တည်ဆောက်ထားခြင်း၊ ပါမစ်နှင့်လုပ်ပိုင်ခွင့်ကိစ္စကို ရှောင်လွှဲ၍ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေခြင်း၊ မှန်ကန်သော အခွန်မူဝါဒဖြစ်ခြင်းကဲ့သို့ အချက်များဖြင့်ဆိုလျှင်ကား လျှပ်စစ်ကားကိစ္စသည် နိုင်ငံအတွက် အကျိုးရှိလာနိုင်ပေသည်။
ထိုသို့ နည်းသင့်လမ်းသင့်၊ နည်းမှန်လမ်းမှန် သားရွှေအိုးထမ်းသည့်ကိန်းမဟုတ်ဘဲ လက်သင့်ရာစားတော်ခေါ်သည့် စနစ်အတွင်း ခေတ်ပျက်ချိန်အမှီ အမြတ်ထုတ်လျှင်မူကား နိုင်ငံသားများနှင့် နိုင်ငံအတွက် အကျိုးမရှိသော လုပ်ရပ်သာ ဖြစ်ပေတော့သည်။