ဧပြီ၊ ၁
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကကန်ရွာရဲစခန်းကိုဒေသကာကွယ်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်ကလေကြောင်းကနေ စစ်သားတွေရွာထဲချထားတာကြောင့် ဒေသခံတသောင်းကျော်ဟာ ရွာထဲကိုပြန်မဝင်ရဲကြသေးဘူးလို့ သိရပါတယ်။
” ငါးဆယ်ခြောက်ဆယ်လောက်တော့ရှိမယ်။ စခန်းကမရှိတော့ဘူးဆိုတော့ စခန်းနားကအိမ်တွေထဲမှာနေကြတယ်။ မနေ့က ရွာလယ်ထဲထိလာကြသေးတယ်ပြောတယ်။ PDF ဘက်က ဒရုန်းဝဲတော့ စခန်းဘက်ကိုပြန်ပြေးပြီး ကတုတ်ကျင်းတွေထဲဆင်းသွားကြတာ” လို့ ကန်ရွာခံတဦးကပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရွာရဲစခန်းကို မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အဆိုပါနေ့မှာ စစ်ကောင်စီက တိုက်လေယာဥ်တွေ၊တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ အကြိမ်သုံးဆယ်နီးပါးလာရောက်ပစ်ခတ်ခဲ့သလိုညနေပိုင်းမှာ ရဟတ်ယာဥ်ပေါ်ကနေ စစ်ကောင်စီစစ်သားတွေကို သုံးကြိမ်လာရောက်ပြီးချထားခဲ့တယ်လို့ရွာခံတွေကပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် အိမ်ခြေတထောက်ကျော်ရှိတဲ့ကန်ရွာက ပြည်သူတွေဟာ တောရဘုန်းကြီးကျောင်းတွေနဲ့ အနီးအနားကကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ တချို့ကလည်းတောထဲကတဲတွေမှာနေကြတယ်လို့သိရပါတယ်။
” အနောက်ဘက်မှာရော၊တောရကျောင်းမှာရောလူခဲပ။ အနီးအနားရွာမှာ မွေးချင်းရှိတဲ့သူတွေရကတော့ အဲ့ဒီသွားနေကြတယ်” လို့ ကန်ရွာစစ်ရှောင်တဦးကပြောပါတယ်။
စစ်ဘေးရှောင်နေကြတဲ့သူတွေထဲက တချို့ဟာ အခြေအနေကြည့်ပြီး ရွာထဲကိုအမြန်ဝင်ကာ လိုအပ်တာလေးတွေသွားရောက်ယူဆောင်တာမျိုးတော့ရှိတယ်လို့သိရပါတယ်။
ကန်ရွာကပြည်သူတသောင်းကျော်ဟာ မတ်လ ၃၁ ရက်နေ့မနက်ပိုင်းကစထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ရွာကိုစွန့်ခွာခဲ့ကြတာသုံးရက်ရှိပြီဖြစ်ပါတယ်။
” ခုဟာတော့ ပြေးတုန်းကသယ်လာတဲ့ရိက္ခာလေးတွေနဲ့စားဖို့သောက်ဖို့ရှိကြသေးတယ်။ ရက်ကြာလာရင်တော့မလွယ်ဘူး။ အသက်ကြီးတဲ့သူတွေနဲ့ နေမကောင်းဖြစ်နေတဲ့သူတွေကတော့ အခုကိုဒုက္ခတွေ့တာပ။ နေမကောင်းတဲ့သူက ကိုယ့်အိမ်မဟုတ်ရင်မနေချင်ဘူး” လို့ကန်ရွာစစ်ရှောင်တဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေပစ်ခတ်လို့ထွက်ပြေးစဥ် ကန်ရွာက နာမကျန်းဖြစ်နေသူအမျိုးသားတဦးအမော့ဆို့သေဆုံးခဲ့သလို သားအဖနှစ်ဦးလက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရကာ နောက်အမျိုးသားတဦးလည်း လယ်ပြင်မှာ အချိန်တော်တော်ကြာသတိလစ်လဲနေခဲ့တယ်လို့ဆိုပါတယ်။
ကန်ရွာထဲမှာ စစ်ကောင်စီစစ်သားတွေရှိနေတဲ့အတွက် ကန်ရွာကပြည်သူတွေဟာ ကျေးရွာထဲကိုလောလောဆယ်မဝင်ရောက်နိုင်သေးသလို ဘယ်အချိန်မှပြန်လည်ဝင်ရောက်နိုင်မယ်ဆိုတာလည်း မသိနိုင်သေးဘူးလို့ရွာခံတဦးကပြောပါတယ်။
” ရွာထဲသူတို့ရှိနေတော့မသွားရဲဘူးဗျာ။ ပြေးကြတာကတော့ရွာလုံးကျွတ်ပ။ တိုက်ပွဲထပ်ဖြစ်ဦးမလားမသိဘူး။ ရွာထဲမှာသူတို့ရှိနေသမျှတော့ ပြန်မနေရဲဲကြဘူး။ ဘယ်လောက်ကြာဦးမလဲလည်းမသိဘူး” လို့ ကန်ရွာစစ်ရှောင်တဦးကပြောပါတယ်။
ပုံစာ-မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကကန်ရွာကို မတ်လ ၃၁ရက်က စစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့မီးလောင်နေစဥ်။