ဧပြီ၊ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာက စစ်ရှောင်ပြည်သူတဦးကို မနေ့ ဧပြီ ၁ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အသက် ၄၀ ကျော်အရွယ်ရှိတဲ့ ကံကုန်းရွာက စစ်ရှောင်တဦးဖြစ်တဲ့ ကိုတိုးကြီးဟာ စစ်ရှောင်ရင်း ရွာအထွက်လမ်းက ထွက်လာချိန်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
‘’ သူက ဆိုင်ကယ်မောင်းလာတာကို နောက်ကနေ ပစ်လိုက်တာ။ ရင်ဘတ်ပွင့်သွားပြီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ထားတယ်။ သူက နောက်ဆုံးမှ ရွာကထွက်တော့ စစ်ကြောင်းက သူ့ရှေ့ကို ရောက်နေတဲ့သဘောဖြစ်သွားတယ် ’’ လို့ ဆားလင်းကြီး ပကဖ တာဝန်ခံ ကိုမိုးကောင်းက DNA ကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဆားလင်းကြီး ကံကုန်းရွာဘက်ကို မနေ့ ဧပြီလ ၁ ရက်နေ့က စတင်ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ ဒေသခံတချို့ နေရပ်ပြန်ဝင်ကြတာရှိသလို ရွာအလယ်ခြမ်းနဲ့ အနောက်ခြမ်းက ဒေသခံ ၅၀၀ လောက်ကတော့ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့လည်း ဆက်သိရပါတယ်။
‘’ စစ်ရှောင်တွေကတော့ အများကြီးပဲ။ ဒီဘက်ကတော့ အနီးအနားက ရောက်လာတဲ့လူလေးတွေပဲ လက်လှမ်းမီသလောက် တာဝန်ယူထားပေးရတယ်။ ယာယီစစ်ရှောင်ဆိုတော့ အရမ်းအခက်အခဲ မရှိပေမယ့် နွေပေါက်ပြီဆိုတော့ ရာသီဥတုအရမ်းပူတော့ ပင်ပန်းကြတယ် ’’ လို့ စစ်ရှောင်အရေး အကူအညီပေးနေသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာလည်း ဆားလင်းကြီးမြို့နယ်ထဲက ဗိုက်သရက်ရွာက အရပ်သားနှစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သလို ဒေသခံ ၆ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒေသခံ ၃ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲမှာတော့ ကျေးရွာပေါင်း ၁၆၄ ရွာရှိတဲ့အနက် ရွာပေါင်း ၄၀ ကျော်က အိမ်ခြေပေါင်း ၁၄၀၀ ကျော်ဟာ စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူ ၇၀ ကျော်ဟာလည်း စစ်ကြောင်းထိုးမှုကြား သေဆုံးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပကဖဘက်က ပြောပါတယ်။
ဓာတ်ပုံ – Chaw Su Hann
ပုံစာ – ဆားလင်းကြီးမြို့နယ်ထဲမှာ အခုမတ်လအတွင်း စစ်ရှောင်ရတဲ့ ဒေသခံများ