
ဧပြီ၊ ၁
မွန်ပြည်နယ်၊ ရေးမြို့နယ် အဝေးပြေးကားလမ်းပေါ် ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ရာက အရပ်သားနှစ်ဦး ကျည်ထိမှန်ပြီး တဦးက အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေးမြို့နယ် ဘေးလမိုင်းကျေးရွာနဲ့ အေးကမ္ဘာကျေးရွာအကြားမှာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဘက်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်နေချိန်မှာ ဘယ်အဖွဲ့က ပစ်ခတ်လိုက်မှန်း အတည်မပြုနိုင်သေးတဲ့ ကျည်ဆံက အိမ်စီးကားတစီးကို ထိမှန်ပြီး ကားပေါ်က အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ ကျည်ထိမှန်ဒဏ်ရာတွေ ရခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
“ သူတို့က အိမ်စီးကားနဲ့ဖြတ်သွားတာ၊ အဲနေရာပစ်ခတ်မှု ဖြစ်တဲ့အချိန်နဲ့ တိုးသွားတာနေမယ်၊ ပစ်နေကြတဲ့ အ ချိန်ကတော့ တချို့သွားလာနေတဲ့ သူတွေရှိတယ်၊ တချို့ကျတော့ လန့်လန့်နဲ့ ဖြတ်မောင်းပြေးကြတယ်၊ တချို့ကျတော့ အဲမှာပဲ ရပ်နေကြတာပေါ့၊ ထိတာက သူတို့နှစ်ယောက်ပဲလို့ သိထားရတယ်၊ ပစ်ခတ်မှုကတော့ သိပ်မကြာဘူး၊ ခဏပဲ ” လို့ သူက ပြောပါတယ်။
ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ အမျိုးသားဟာ ကျောပြင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက် ရရှိထားသလို အမျိုးသမီးကတော့ ခြေထောက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိထားပြီး အမျိုးသားဖြစ်သူက အသက်အန္တရာယ်စိုးရိမ်နေရတာကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို သိရှိနိုင်ဖို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်ကို ဆက်သွယ်ပေမယ့် အဆက်အသွယ် မရသေးပါဘူး။
အခုပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏခြုံခိုတိုက်ခိုက်ခံရလေ့ရှိသလို စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ကင်းပုန်းဝပ်ပြီး လုံခြုံရေးတင်းကြပ်တတ်တဲ့ နေရာတခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာ ပိုများလာပြီး မတ်လ တလတည်းအတွင်းမှာပဲ အရပ်သား ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးသူ စုစုပေါင်း ၂၀ ဦးထက်မနည်းရှိတယ်လို့ DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Google