စစ်ကိုင်းမှာ ဆယ့်ငါးနှစ်အရွယ် ဆယ်ကျော်သက်နှစ်ဦးအပါအဝင် လေးဦး စစ်အုပ်စုလက်ချက်နဲ့သေဆုံး

ဧပြီ၊ ၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာက အသက် ၁၅နှစ်အရွယ်ဆယ်ကျော်သက်နှစ်ဦး အပါအဝင် ဒေသခံအမျိုးသား လေးဦးကို စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ကာ အလောင်းတွေကို မူးမြစ်အတွင်း ဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံလိုက်ရတဲ့ အမျိုးသားလေးဦးဟာ ဆွေမျိုးတော်စပ်သူတွေဖြစ်ကြပြီး ကိုကျော်သူထွန်း (၃၉နှစ်) နဲ့ ကိုအောင်ခန့်ကျော် (ခ) OE (၁၅-နှစ်) တို့က သားအဖတော်စပ်သလို ကိုတုံတုံချစ် (၁၅-နှစ်)နဲ့ ကိုချစ်ဆူး (၂၀-နှစ်) တို့နှစ်ဦးက ညီအကိုတော်စပ်ကြတာပါ။
 
” အကုန်လုံးက ဆွေမျိုးတွေ၊ အမျိုးတော်ကြတယ်။ နေတာကလည်း အတူတူနေကြတာပါ၊ ရွာထဲကို စစ်တပ်ဝင်တော့ ပိတ်မိပြီး ဖမ်းခံလိုက်ရတာထင်တယ်။ အလောင်းတွေကိုတော့ အကုန် မူးမြစ်ထဲပစ်ချသွားတာဗျ၊ အတော်ရက်စက်တဲ့ကောင်တွေပါ။ သူတို့က PDF တွေလည်း မဟုတ်ဘူး သာမန်အရပ်သားတွေပါ။ ကလေးနှစ်ယောက်က အခုမှ ကျောင်းသားတွေပဲရှိသေးတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အင်အား ၄၀ ဝန်းကျင်ပါဝင်တဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မောင်းထောင်ရွာကို ပြီးခဲ့တဲ့မတ်လ ၃၀ ရက်မှာ သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အဲဒီနေ့မှာပဲ စုစုပေါင်း ဒေသခံခြောက်ဦးကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူ ခြောက်ဦးအနက် နှစ်ဦးက ပြန်လည်လွတ်မြောက်လာပေမယ့် လေးဦးကတော့ အသတ်ခံခဲ့ရပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို မူးမြစ်အတွင်းမှာ မနေ့ကနဲ့ ဒီကနေ့ မနက်ပိုင်းမှာ နှစ်လောင်းစီ ပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
 
မောင်းထောင်ရွာဟာ စစ်ကိုင်းမြို့အနောက်ဘက် ၁၈မိုင်အကွာ၊ ဧရာဝတီနဲ့ မူးမြစ်အကြား မြစ်ဝှမ်းလွင်ပြင်ပေါ်က အိမ်ခြေရာချီရှိတဲ့ ရွာတရွာဖြစ်ပြီး မူးမြစ်နဲ့ နီးကပ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းက ဒေသခံ နှစ်ဆယ်နီးပါး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ခဲ့တဲ့ တာတိုင်ရွာနဲ့ မောင်းထောင်ရွာဟာ သုံးမိုင်ဝန်းကျင်သာ ဝေးပါတယ်။
 
မောင်းထောင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်အုပ်စုဟာ ညောင်ပင်ဝန်းရွာရဲစခန်းကတဆင့် လာရောက်တာဖြစ်ပြီး စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ လက်အောက်ခံ တပ်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
စစ်ကိုင်းမြို့နယ်ထဲ အခြေစိုက်တဲ့ ဒေသကာကွယ်ရေးတပ်တွေက မကြာခဏ သွားရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိတဲ့ ပုသိမ်-မုံရွာလမ်းမကြီးအနီးက ညောင်ပင်ဝန်းရဲစခန်းဟာ မောင်းထောင်ရွာနဲ့ တမိုင်ခွဲဝန်းကျင်သာ ကွာဝေးပါတယ်။
 
မောင်းထောင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၃၀ရက် မနက်ငါးရီလောက်မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မနက်ဆယ်နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်တွေက ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။
 
မောင်းထောင်ရွာရဲ့တောင်ဘက် သုံးမိုင်ဝန်းကျင်အကွာက တာတိုင်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်က စစ်ကောင်စီ စစ်ကြောင်းတခု ဝင်ရောက်လာရာက အမျိုးသမီးတွေအပါအဝင် ရွာခံ နှစ်ဆယ်နီးပါး ကိုယ်လက်အင်္ဂါဖြတ်တောက် သတ်ဖြတ်ခံရတာ၊ အဓမ္မကျင့်သတ်ဖြတ်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ – CJ